၉၅ ရက်ဆက်တိုက် တစ်နေ့ ၂၆ မိုင်ပြေးပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသမီး

15-11-2021yyl11.jpg

၂၆ မိုင်ပြေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။ အမေရိကန် ၊ ဗားမွန့်ပြည်နယ်သူ အမျိုးသမီးတစ်ယောက်ကတော့ အဲဒီလို မလွယ်ကူတဲ့ ကိစ္စကို ၉၅ ရက်တိုင်တိုင် လုပ်ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။

မနှစ်တုန်းက ကိုဗစ်-၁၉ ရောဂါကြောင့် Lockdown ချထားချိန်မှာ ၂၈ နှစ်အရွယ် အမျိုးသမီး အလစ်ဆာကလက်ခ်က တစ်ရက်ကို ၂၆.၂ မိုင်နဲ့ နေ့စဉ်ရက်ဆက် ပြေးခဲ့တာပါ။ သူက စံချိန်သစ်တင်နိုင်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂၅ ရက်ဆက်တိုက် ပြေးနိုင်ခဲ့ချိန်မှာတော့ ရက်အများဆုံးဆက်တိုက် မာရသွန်ပြေးနိုင်တဲ့ စံချိန် ( အမျိုးသမီး)ကို ချိုးဖျက်နိုင်မလားလို့ ကြိုးစားကြည့်ခဲ့တာပါ။

” စစချင်းမှာ ကမ္ဘာ့စံချိန်ရှင် ဖြစ်လာမယ်လို့ ရည်ရွယ်ပြီး ၉၅ ရက်တိုင်တိုင် မာရသွန်ပြေးခဲ့တာ မဟုတ်ပါဘူး။ နေ့ရက်တိုင်းက ကျွန်မအတွက် လက်ဆောင်ပါ။ အခုလို စံချိန်ချိုးနိုင်လို့ ကျွန်မလည်း တုန်လှုပ်နေတုန်းပဲ” လို့ ကလက်က ပြောပါတယ်။

ကလက်ဟာ ခံနိုင်ရည်စမ်းသပ်တဲ့ အကြမ်းတမ်းဆုံး ပြိုင်ပွဲတွေအတွက် လေ့ကျင့်ထားသူပါ။ အဲဒီပြိုင်ပွဲမှာ ပြေးရတဲ့အကွာအဝေးက မာရသွန်ပွဲထက် ပိုဝေးပါတယ်။ ခံနိုင်ရည်စမ်းသပ်တဲ့ အကြမ်းတမ်းဆုံးပြိုင်ပွဲ ဖျက်သိမ်းလိုက်ချိန်မှာ ကလက်က မာရသွန်ပြေးဖို့ ကြံစည်ခဲ့တာပါ။

ကလက်ရဲ့ခင်ပွန်းက ရေတပ်တပ်ဖွဲ့ဝင်ဖြစ်ပြီး အဲဒီအချိန်တုန်းက အီတလီနိုင်ငံ၊ နေပယ်မြို့မှာ တာဝန်ကျနေတာပါ။ ၂၀၂၀ ပြည့်နှစ်၊ မတ်လတုန်းက အီတလီမှာ Lockdown ချထားလို့ ကလက်က သူ့ကိုယ်သူ စိန်ခေါ်မှုတစ်ခုခုလုပ်ဖို့ တွေးရင်း မာရသွန် ပြေးဖြစ်ခဲ့တာပါ။ Lockdown က ၂ ပတ်လောက်ပဲ ကြာမယ်လို့ ထင်ခဲ့ပြီး ၁၄ ရက်၊ ၁၅ ရက်လောက် နေ့တိုင်းပြေးကြည့်ခဲ့တာပါ။ တစ်ရက်ကို ၂၆ မိုင်နှုန်းနဲ့ ၉၅ ရက်ဆက်တိုက် ပြေးနိုင်ဖို့အတွက် အခက်ခဲဆုံးအပိုင်းကတော့ ခန္ဓာကိုယ်ကို နေ့တိုင်းပြေးနိုင်မယ့် အနေအထားမျိုးဖြစ်အောင် ထိန်းသိမ်းရတာပဲလို့ ကလက်က ပြောပါတယ်။

ကလက်မတိုင်ခင် ရက်အများဆုံးဆက်တိုက် မာရသွန်ပြေးနိုင်တဲ့ အမျိုးသမီးအဖြစ် ဗြိတိန်နိုင်ငံသူ အလစ်ဘာ့ချ်က စံချိန်တင်ထားတာပါ။ သူ့စံချိန်က ရက် (၆၀)ဆက်တိုက် မာရသွန်ပြေးခဲ့တာ ဖြစ်ပါတယ်။ ၂၅ ရက်ဆက်တိုက် ပြေးနိုင်ခဲ့ပြီး စံချိန်ချိုးဖျက် တစ်ဝက်လောက်ပဲ လိုတော့တယ်ဆိုတဲ့ အနေအထားမှာ ကလက်က ရက် ၁၀၀ ဆက်တိုက်ပြေးပြီး စံချိန်သစ်တင်မယ်လို့ တွေးခဲ့တာပါ။

ကလက်ဟာ အီတလီကနေ ဖလော်ရီဒါကို ရွှေ့ပြောင်းလာချိန်မှာတောင် မာရသွန်ပြေးတာ တစ်ရက်မပျက်သွားအောင် စီမံနိုင်ခဲ့ပါတယ်။ ရက် ၁၀၀ ပြေးဖို့ စီစဉ်ခဲ့ပေမဲ့ ၉၆ ရက်မြောက်နေ့မှာ ရင်ဘတ်အောင့်လာလို့ ၂၆ မိုင်ပြည့်အောင် မပြေးနိုင်ခဲ့ပါဘူး။ နောက်ပိုင်းစစ်ဆေးကြည့်ချိန်မှာတော့ ကလက်နဲ့ သူ့ခင်ပွန်းတို့ ၂ ဦးလုံး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကလက်ဟာ သိပ်မကြာခင်အချိန်အတွင်း အလာဘားမားနဲ့ ဂျော်ဂျီယာပြည်နယ်ကြားမှာရှိတဲ့ ပင်ဟိုတီလမ်းကြောင်း( Pinhoti Trail) ကို အချိန်အမြန်ဆုံးပြေးနိုင်သူအဖြစ် စံချိန်တင်နိုင်အောင် ကြိုးပမ်းဖို့ ရှိနေပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ပင်ဟိုတီလမ်းကြောင်းကတော့ ၃၃၅ မိုင်ရှည်လျားပါတယ်။

Ref: CNN ” Vermont woman earns world record by running 95 marathons in 95 days “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top