လက်မထပ်တော့ဘဲ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို တူ၊တူမလေးတွေအတွက်ချန်ထားရစ်မယ်ဆိုတဲ့ တရုတ်မင်းသမီး လီဘင်းဘင်း

20-5-2022-yyl-01.jpg

ဟောလိဝုဒ်အထိ ခြေဆန့်ခဲ့တဲ့ နာမည်ကြီးတရုတ်မင်းသမီး လီဘင်းဘင်းက သူ့ညီမလေး လီရွှင်ရဲ့ကလေးတွေနဲ့ အရမ်းရင်းနှီးတယ်ဆိုတာကို အမြဲတမ်း ဖွင့်ဟလေ့ရှိခဲ့တာပါ။ အဒေါ်တစ်ယောက်ဖြစ်တာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာကိုလည်း Weibo မှာ တူ၊တူမလေးတွေရဲ့ပုံတွေတင်ပြီး ကြွားလေ့ရှိပါတယ်။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ၄၉ နှစ်အရွယ် လီဘင်းဘင်းက ဘယ်တော့မှ လက်မထပ်တော့ဘူးဆိုတဲ့အကြောင်းနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သူ့တူ၊တူမလေးတွေအတွက် ချန်ထားဖို့ ရည်ရွယ်ထားကြောင်း ထုတ်ပြောပြသွားခဲ့ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ သန်း ၈၀ ရှိပါတယ်။

သူ့ရဲ့ကြွယ်ဝချမ်းသာမှုကို ဘယ်လိုခွဲဝေမလဲဆိုတာနဲ့ပတ်သက်ပြီး အစီအစဉ်ချထားပြီသားဖြစ်တယ်လို့ လီဘင်းဘင်းက ပြောပါတယ်။ “အနာဂတ်မှာ ကျွန်မရဲ့ပိုင်ဆိုင်မှုအားလုံးကို တူလေး၊ တူမလေးအတွက် ချန်ထားခဲ့မှာပါ။ မိသားစုဆိုတာ ဘယ်တော့မှ မချိုးဖျက်ပစ်နိုင်တဲ့ နှောင်ကြိုးတစ်ခုပါပဲ”။

လီဘင်းဘင်းက ပြီးခဲ့တဲ့ မတ်လကမှ သူ့ရဲ့ချစ်သူ အသက် ၃၂ နှစ်အရွယ် ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင် စုဝမ်နန်နဲ့ လေးနှစ်ကြာ ဆက်ဆံရေးကို အဆုံးသတ်လိုက်တာပါ။ ဒီအကြောင်းကို Vogue China နဲ့ အင်တာဗျူးလုပ်တဲ့အချိန်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ ချစ်သူတွေ မဟုတ်ကြတော့ပေမဲ့ သူက အရမ်းအရေးပါတဲ့မိသားစုဝင်တစ်ယောက်ပါပဲ”လို့ လီဘင်းဘင်းက ပြောပါတယ်။

စုဝမ်နန်ဟာ အွန်လိုင်းပေါ်ကနေ နှိမ့်ချတဲ့ အတင်းအဖျင်းနဲ့ မနှစ်မြို့ဖွယ်ထင်ကြေးပေးမှုတွေခံရပြီးနောက် သူတို့နှစ်ဉီး လမ်းခွဲခဲ့ကြတာလို့ လီဘင်းဘင်းရဲ့ပြောစကားအရ သိရပါတယ်။ “သူ.. ကျွန်မနဲ့အတူရှိတဲ့အခါ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေက ဖုံးကွယ်သွားခဲ့တယ်။ အတင်းအဖျင်းပြောတာကိုလည်း ခံလာရတယ်။”

မင်းသမီး လီဘင်းဘင်းက နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်ခဲ့သလို ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Resident Evil: Retribution (2012)၊ Transformers: Age of Extinction (2014)၊ Guardians of the Tomb (2016)၊ The Meg (2018) မှာလည်း ပါဝင်ခဲ့ပါတယ်။

Ref: 8daysSingapore “Li Bingbing, 49, Says She Will Never Get Married And Plans To Leave All Her Assets To Her Niece And Nephew”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top