ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလျံပြည့်တဲ့ ပထမဆုံးကုမ္ပဏီအဖြစ် Apple မှတ်တမ်းဝင်

5-2-2022-yyl2.jpg

Apple ကုမ္ပဏီဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလျံ ပြည့်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ Apple ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် (ဟောင်း) စတိဗ်ဂျော့က ပထမဆုံး iPhone ကို စတင်မိတ်ဆက်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က ရှယ်ယာတန်ဖိုးနဲ့ နှိုင်းယှဉ်ရင် ၅၈၀၀ % နီးပါး တန်ဖိုးမြင့်တက်လာခဲ့တာပါ။

ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ထရီလျံ ပြည့်ခဲ့ပြီးနောက်မှာ ရှယ်ယာတန်ဖိုး အနည်းငယ်ပြန်ကျသွားလို့ ပြီးခဲ့တဲ့တနင်္လာနေ့ နယူးယော့ခ်ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ ၂.၉၉ ထရီလျံနဲ့ ရပ်တန့်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပိတ်ဆို့မှုတွေ လုပ်ချိန်မှာ နည်းပညာကိရိယာတွေကို အသုံးပြုမှု မြင့်တက်လာလို့ Apple ကုမ္ပဏီလည်း အကျိုးစီးပွား တိုးတက်လာခဲ့တာပါ။ Apple ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဟာ ၁၆ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ထရီလျံကနေ ၃ ထရီလျံအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

Apple ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလျံပြည့်တဲ့ ပထမဆုံးကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Apple ကုမ္ပဏီရဲ့ ရောင်းအားမှာ တစ်ဝက်နီးပါးက iPhone တွေ ဖြစ်ပြီး iPad tablet နဲ့ Mac ကွန်ပျူတာ တွေကလည်း လူကြိုက်များပါတယ်။ Apple ကုမ္ပဏီရဲ့ စီးပွားရေးမှာ Apple စတိုးတွေကနေ ရောင်းချတဲ့ ဆော့ဝဲလ်တွေ၊ iCloud storage space တွေနဲ့ ဂီတ၊ ရုပ်သံ၊ ကိုယ်လက်လေ့ကျင့်ခန်း ပလက်ဖောင်းတွေကလည်း အဓိက အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

Apple ကုမ္ပဏီကို ၁၉၇၆ ခုနှစ်မှာ စတိဗ်ဂျော့နဲ့ သူ့ရဲ့စီးပွားရေးလက်တွဲဖော်တွေဖြစ်တဲ့ စတိဗ်ဝေ့ါဇ်နီယက်၊ ရော်နယ်ဝိန်းတို့က စတင်တည်ထောင်ခဲ့ကြတာပါ။ ၁၉၈၀ ပြည့်နှစ်မှာ စတော့ရှယ်ယာဈေးကွက်ကို စတင်ဝင်ရောက်ခဲ့ပြီး ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံ တန်ကြေးရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက လေလံပြပွဲတစ်ခုမှာ ဝေါ့ဇ်နီယက်နဲ့ စတိဗ်ဂျော့တို့ ဖန်တီးခဲ့တဲ့ မူလလက်ဟောင်း Apple ကွန်ပျူတာတစ်လုံးဟာ အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

Ref: BBC “Apple becomes first firm to hit $3tn market value”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top