အီရန်နိုင်ငံက ၂ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေမှာ အမျိုးသမီး အများအပြား ပါဝင်

yyl-004-6.jpg

လူ ၁၇၆ ဦး လိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပစ်ချမိတယ်လို့ အီရန်စစ်တပ်က ဝန်ခံခဲ့ပြီးနောက် အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ကနေ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းနေတဲ့လေယာဉ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့နားမှာ ပစ်ချခံခဲ့ရတာပါ။ အဲဒီလေယာဉ်ပေါ်မှာ အီရန်၊ ကနေဒါ၊ ယူကရိန်း၊ ဗြိတိန်၊ အာဖဂန်နစ္စတန်နဲ့ ဆွီဒင်နိုင်ငံသားတွေ လိုက်ပါလာခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။ အစောပိုင်းမှာ အီရန်က ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့တာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မတော်တဆပစ်မိခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ဆိုလေမာနီ လုပ်ကြံခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်လေတပ်စခန်းတွေကို အီရန်နိုင်ငံက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ယူကရိန်းခရီးသည်တင်လေယာဉ်ကို ပစ်ချမိခဲ့တာပါ။

တီဟီရန်မြို့နဲ့ တခြားမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေက အီရန်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြပြီး မျက်ရည်ယိုဓာတ်ငွေ့အသုံးပြုခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ပထမနေ့ဆန္ဒပြပွဲအပြီး လုံခြုံရေးတပ်ဖွဲ့ တော်တော်များများ ဖြန့်ကြက်ထားပေမဲ့ နောက်နေ့မှာလည်း ဆန္ဒပြသူတွေက ထပ်ရောက်လာခဲ့တာဖြစ်ပါတယ်။ ”ငါတို့ရဲ့ရန်သူက အမေရိကန်နိုင်ငံလို့ သူတို့ညာပြောခဲ့တယ်။ ငါတို့ရဲ့ရန်သူက ဒီနိုင်ငံမှာပဲ”ဆိုတဲ့ ကြွေးကြော်သံကိုလည်း အော်ဟစ်ခဲ့ပါတယ်။ ဆန္ဒပြသူတော်တော်များများက အမျိုးသမီးတွေပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top