ခွေးလေးတစ်ကောင်ရဲ့ သခင်တွေအပေါ် အသက်စွန့် ကယ်တင်မှု

yyl-1-10-009.jpg

ဖလော်ရီဒါက မိသားစုတစ်စုက သူတို့ရဲ့ခွေးလေး ဇု(စ်) (Zeus) ကို ဆုံးရှုံးလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်လို့ နေပါတယ်။ အဲဒီခွေးလေး ဇု(စ်)က မိသားစုရဲ့ ကလေးတွေကို အသက်စွန့် ကယ်တင်လိုက်လို့ အခုလို စိတ်မကောင်းဖြစ်နေရတာပါ။ သခင်တွေအပေါ် ဇု(စ်)ဆိုတဲ့ခွေးလေးရဲ့ အသက်စွန့် ကယ်တင်မှုက ဘယ်လိုမျိုးလည်းဆိုတာ ဆက်လက်ဖတ်ရှုလိုက်ရအောင်..။

အသက် (၁၀) နှစ်အရွယ် အိုရီလေ ရစ်ချက်ဆန် (Oriley Richardson) ဆိုတဲ့ကလေးလေးက သူ့နေအိမ်ရဲ့ အိမ်နောက်ဖေး ကွက်လပ်မှာ ဆော့ကစားနေတုန်းက (၉) လသားအရွယ် ခွေးဘီလူး ခွေးလေး ဇု(စ်)က သူ့ရှေ့ကို ရုတ်တရက်ကြီး ခုန်ထွက်လာခဲ့ပါတယ်။ အိုရီလေကလည်း မြေကြီးပေါ်မှာရှိနေတဲ့ တစ်ခုခုကို ဇု(စ်)ရန်ပြုနေတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ သူက ကြိုးတစ်ကြိုးလိုသာ ထင်ခဲ့ပါတယ်။

တကယ်တော့ အဲဒါက အဆိပ်ပြင်းတဲ့ သန္တာမြွေတစ်ကောင်ပါ။ ကလေးတွေကို မြွေရန်မပြုအောင် ဇု(စ်)က ကာကွယ်နေခဲ့ပြီး သူ့ကိုယ်ခန္ဓာနဲ့ မြွေ အသက်ရှုလို့မရအောင် မြွေပေါ်ကို ဇု(စ်)က လဲချရင်းနဲ့ ကလေးတွေကို ကယ်တင်ခဲ့ပါတယ်။

အဲဒီနောက်မှာ အိုရီလေက ဇု(စ်)ရဲ့ မျက်လုံးတွေ ပြူးထွက်နေတာကို သတိထားမိခဲ့ပြီး သူ့ကို ဖယ်ကြည့်လိုက်တဲ့အချိန်မှာ ဇု(စ်)ကို မြွေလေးချက် ကိုက်ထားတာကို တွေ့ခဲ့ရပါတယ်။ အဲဒါနဲ့ပဲ ဇု(စ်)ကို နီးစပ်ရာ တိရစ္ဆာန်ဆေးကုခန်း ချက်ချင်းပို့ခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ နောက်ကျသွားခဲ့ပါပြီ။ ဇု(စ်)သေဆုံးတဲ့နေ့က အိုရီလေရဲ့ မွေးနေ့လည်းဖြစ်ပါတယ်။

ဇု(စ်)သေဆုံးသွားခဲ့တဲ့အတွက် မိသားစုတစ်စုလုံး စိတ်မကောင်းဖြစ်လွန်းလို့ ငိုကြွေးခဲ့ကြပါတယ်။ ဇု(စ်)ကို ထာဝရ ကျေးဇူးတင်နေမိမှာဖြစ်ပြီး သူ့ကို ဟီးရိုးအဖြစ် သတ်မှတ်မှာပါ။ သူ့ကလေးတွေထဲက တစ်ယောက်ကို ဆုံးရှုံးလိုက်ရသလို ခံစားရပါတယ်လို့ အိုရီလေရဲ့မိခင် ရစ်ချက်ဆန်က ဆိုပါတယ်။ ဇု(စ်) သေဆုံးသွားတဲ့အတွက် ဝမ်းနည်းဆုံးကတော့ အိုရီလေပါပဲ။ “သူက လိမ္မာပါတယ်။ သူ့ကို ကျွန်တော့ နှလုံးသား တစ်ခုလုံးနဲ့ကို ချစ်ပါတယ်။ တစ်ချိန်လုံး သူနဲ့ ဆော့ခဲ့တာပါ။ ကျွန်တော် ဝမ်းနည်းမိပါတယ်။ သူ့ကို လွမ်းနေတော့မှာပါ” လို့ အိုရီလေက ပြောပါတယ်။

အိုရီလေရဲ့ဖခင် ဂါရီ ရစ်ချက်ဆန် (Gary Richardson) က ဇု(စ်)ရဲ့အနစ်နာခံမှုက ခွေးဘီလူး ခွေးလေးတွေအပေါ်ထားတဲ့ လူတွေရဲ့ အယူအဆတွေကို ပြောင်းလဲပစ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Ref: CNN “Florida family mourns the loss of hero pit bull, who died protecting their children from a venomous snake”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top