ဦးရီးတော် အဗ္ဗဒူလာ နတ်ရွာမစံခင် အဆိပ်လက်စွပ်နဲ့ လုပ်ကြံဖို့ ဆော်ဒီအိမ်ရှေ့မင်းသား ကြံရွယ်ခဲ့တယ်လို့ စွပ်စွဲမှုထွက်ပေါ်

Saudi-Prince.jpg

ဆော်ဒီဘုရင် အဗ္ဗဒူလာ နတ်ရွာမစံခင် ( အိမ်ရှေ့မင်းသား ဖြစ်လာသူ) မိုဟာမက်ဘင်ဆယ်လ်မန်က အဆိပ်လက်စွပ် သုံးပြီး လုပ်ကြံဖို့ ကြံရွယ်ခဲ့တယ်လို့ ဆော်ဒီနိုင်ငံ ထိပ်တန်း ထောက်လှမ်းရေးအရာရှိဟောင်းက စွပ်စွဲခဲ့ပါတယ်။ မိုဟာမက်ဘင်ဆယ်မန်ဟာ ၂၀၁၄ ခုနှစ်က သူ့အစ်ကိုဝမ်းကွဲ မိုဟာမက်ဘင်နာယက်ဖ်နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး သူ့အဖေ ဆယ်လ်မန် ဘုရင်ဖြစ်လာဖို့ အဗ္ဗဒူလာကို လုပ်ကြံချင်တယ်လို့ ပြောခဲ့ကြောင်း CBS သတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ ဆတ်ဒ်အယ်ဂျာဘရီက ပြောခဲ့ပါတယ်။

” အဗ္ဗဒူလာ ဘုရင်ကို ကျွန်တော် လုပ်ကြံချင်တယ်။ ကျွန်တော့်ဆီမှာ ရုရှားကနေ မှာထားတဲ့ အဆိပ်လက်စွပ်ရှိတယ်။ သူနဲ့ လက်ဆွဲနှုတ်ဆက်ရုံလောက်ပဲ လုပ်ဖို့လိုတာ။ သူ ကိစ္စချောသွားလိမ့်မယ်လို့ မိုဟာမက်ဘင်ဆယ်မန်က ဘင်နာယက်ဖ်ကို ပြောခဲ့တာပါ။ သူက စိတ်အားထက်သန်မှုအပြည့် ပြောခဲ့သလို ကျွန်တော်တို့လည်း ဒီကိစ္စကို အလေးအနက် ထားခဲ့ပါတယ်” လို့ ဆတ်ဒ်အယ်ဂျာဘရီက ပြောပါတယ်။

အဲဒီအချိန်တုန်းက ဆော်ဒီတော်ဝင်မိသားစုထဲမှာ ထီးနန်းဆက်ခံရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်ပါ။ အသက် ၉၀ အရွယ်ရှိတဲ့ အဗ္ဗဒူလာဘုရင်ဟာ ၂၀၁၅ ခုနှစ်မှာ နတ်ရွာစံခဲ့ပြီး မိုဟာမက်ဘင်ဆယ်မန်ရဲ့ဖခင် ဆယ်မန်က ဆော်ဒီဘုရင် ဖြစ်လာခဲ့ပါတယ်။ အဗ္ဗဒူလာဟာ အဆုတ်ရောဂါပိုးကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အဆိပ်မိတယ်ဆိုတဲ့ သတင်းမျိုးလည်း ထွက်ပေါ်ခဲ့ခြင်းမရှိပါဘူး။

ဆယ်မန်က ဆော်ဒီဘုရင်ဖြစ်လာချိန်မှာ မိုဟာမက်ဘင်နာယက်ဖ်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ သူ့နေရာမှာ မိုဟာမက်ဘင်ဆယ်မန်ကို အစားထိုးခဲ့ပါတယ်။ ဘင်နာယက်ဖ်ဟာ ပြည်ထဲရေးဝန်ကြီးရာထူးကနေပါ ဖြုတ်ချခံခဲ့ရပြီး နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဘင်နာယက်ဖ် ဖြုတ်ချခံရချိန်မှာ ဆတ်ဒ်အယ်ဂျာဘရီက ကနေဒါနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ သူ့ကို လုပ်ကြံဖို့ မိုဟာမက်ဘင်ဆယ်မန်က လက်မရွံ့အဖွဲ့ စေလွှတ်ခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဒေသ ထောက်လှမ်းရေးအရာရှိ မိတ်ဆွေတစ်ယောက်က သူ့ကို သတိပေးခဲ့ဖူးကြောင်း ဆတ်အယ်ဂျာဘရီက ဆိုပါတယ်။ ဆော်ဒီကြေးစားအဖွဲ့က တူရကီနိုင်ငံမှာ ဆော်ဒီဂျာနယ်လစ် ဂျမယ်ခါရှော့ဂျီကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အဲဒီလို စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။

လူ ၆ ယောက် ပါဝင်တဲ့အဖွဲ့ဟာ ကနေဒါနိုင်ငံ အော့တဝါလေဆိပ်ကို ရောက်ရှိလာခဲ့ပေမဲ့ DNA ခွဲခြားရာမှာ အသုံးပြုတဲ့ သံသယဖြစ်ဖွယ်ကိရိယာ သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့တာကြောင့် ကနေဒါနိုင်ငံက သူတို့ကို ဆော်ဒီနိုင်ငံထံ ပြန်လွှတ်ခဲ့တယ်လို့ ဆတ်အယ်ဂျာဘရီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဆတ်အယ်ဂျာဘရီက အမေရိကန်ပြည်ထောင်စုတရားရုံးမှာ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်ကို လူသတ်ဖို့ကြိုးပမ်းမှုနဲ့ တိုင်ကြားခဲ့ပါတယ်။ ဆော်ဒီအစိုးရကတော့ ဆတ်အယ်ဂျာဘရီဟာ လုပ်ကြံဇာတ်လမ်းထွင်တဲ့ သမိုင်းကြောင်းရှိပြီး မယုံကြည်ရသူဖြစ်တယ်၊ အသုံးအဖြုန်းကြီးတဲ့ မိသားစုအတွက် ဒေါ်လာဘီလျံချီတဲ့ ဘဏ္ဍာရေးပြစ်မှုတွေ ကျူးလွန်ခဲ့ပြီး အဲဒီပြစ်မှုတွေကို ဖုံးဖိဖို့ ဇာတ်လမ်းဆင်တတ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အဗ္ဗဒူလာဘုရင်ကို လုပ်ကြံဖို့ ကြံရွယ်ခဲ့တဲ့ မိုဟာမက်ဘင်ဆယ်မန်ရဲ့ ဖြစ်ရပ်ကို ဆော်ဒီတော်ဝင်တရားရုံးမှာ တိတ်တဆိတ်ဖြေရှင်းခဲ့ပေမဲ့ ဘင်ဆယ်မန်နဲ့ ဘင်နာယက်ဖ်တို့ လျှို့ဝှက်တိုင်ပင်ခဲ့တာကို ရုပ်သံမှတ်တမ်း ရိုက်ထားပြီး ဗီဒီယိုကော်ပီခွေ ၂ ခွေ ဘယ်မှာထားလဲဆိုတာ သူသိတယ်လို့ ဆတ်အယ်ဂျာဘရီက ဆိုပါတယ်။

ဘင်ဆယ်မန်ဟာ အရှေ့အလယ်ပိုင်းရဲ့ ပေါများလွန်းတဲ့သယံဇာတရင်းမြစ်တွေကို အသုံးပြုနေတဲ့ စိတ်ရောဂါရှင်တစ်ယောက်၊ လူသတ်သမားတစ်ယောက်ဖြစ်ပြီး ဆော်ဒီပြည်သူတွေရော၊ အမေရိကန်ပြည်သူတွေရော၊ ကမ္ဘာကြီးအတွက်ပါ အန္တရာယ်ရှိသူဖြစ်တယ်လို့ ဆတ်အယ်ဂျာဘရီက စွပ်စွဲခဲ့ပါတယ်။

Ref: BBC”Saudi crown prince suggested killing King Abdullah, ex-official says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top