၂၀၁၉-၂၀၂၀ သြစတြေးလျတောမီးအတွင်း ကိုအာလာတွေကို ရှာဖွေပေးခဲ့တဲ့ ခွေးလေး ဆုကြီးချီးမြှင့်ခံရ

26-10-2021yyl05.jpg

ဘဲယား (Bear) ဆိုတဲ့ခွေးလေးဟာ ၂၀၁၉-၂၀၂၀ ဩစတြေးလျတောမီးလောင်ကျွမ်းမှုမှာ အာဏာပိုင်တွေကို ကူညီပေးခဲ့တဲ့အတွက် ဂုဏ်ပြုဆုကြီး ချီးမြှင့်ခဲ့ရပါတယ်။ အသက် ၆ နှစ်အရွယ် ဘဲယားက သြစတြေးလျနိုင်ငံရဲ့နယူး ဆောက်သ် ဝေးလ်ပြည်နယ် နဲ့ ကွင်းစလန်ပြည်နယ်က မီးဘေးသင့်ဒေသတွေမှာ ကိုအာလာဝက်ဝံတွေကို ရှာဖွေဖို့ တာဝန်ပေးအပ်ခံခဲ့ရတာပါ။ အဲဒီတောမီးအတွင်းမှာ ကိုအာလာထောင်ချီ သေဆုံးခဲ့တဲ့အတွက် အသက်ရှင်ကျန်ရစ်တဲ့ ကိုအာလာတွေ ရှိမရှိ အနံ့ခံကာ ရှာဖွေပေးဖို့က ဘဲယားရဲ့တာဝန်ဖြစ်ခဲ့ပါတယ်။ ဘဲယားက ကိုအာလာ (၁၀၀) ကျော်ကို ကူညီရှာဖွေပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်သက်သာချောင်ချိရေးရန်ပုံငွေအဖွဲ့ ( IFAW) က အခုလအစောပိုင်းမှာ ဘဲယားကို Animal Action Award ဆု ချီးမြှင့်ခဲ့ပါတယ်။

ဘဲယားက တောမီးလောင်ကျွမ်းမှုအတွင်းမှာ နေမကောင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရှိတဲ့ ကိုအာလာတွေကို ရှာဖွေတဲ့နေရာမှာ မပျင်းမရိလုပ်ဆောင်မှုအတွက် အထူးအသိအမှတ်ပြုဆုရရှိတာဖြစ်တယ်လို့ IFAW က ပြောပါတယ်။ “သူ့ရဲ့ အခန်းကဏ္ဍကို ကျေပွန်အောင်လုပ်ဆောင်တယ်ဆိုတာ ထင်ရှားနေပြီး ကိုအာလာ အကောင် ၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့လို့ သူ့ကို ဂုဏ်ပြုတာပါ” လို့ အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ဒီနှစ် ကျွန်တော်တို့ရဲ့ဆုရရှိသူတွေက အဖိုးတန်သင်ခန်းစာတွေ အများကြီး ကျွန်တော်တို့ကို သင်ပေးနိုင်ပါတယ်။ တိရိစ္ဆာန်အသိုင်းအဝိုင်းမျိုးစုံကို ကာကွယ်ပေးတယ်သူတွေလိုတယ်ဆိုတာ သူတို့က ကျွန်တော်တို့ကို သင်ပေးတယ်။ တိရစ္ဆာန်တွေအတွက် ကျွန်တော်တို့ရှိနေပေးတာ အရေးကြီးသလို အဲဒီတိရစ္ဆာန်တွေကလည်း ကျွန်တော်တို့အတွက် ရှိပေးနိုင်တယ်ဆိုတာကို သင်ပေးပါတယ်။ ကမ္ဘာကြီးမှာ တိရစ္ဆာန်တွေနဲ့အတူ ငါတို့ ဘယ်လောက် မှီခိုနေရသလဲ၊ ငါတို့အားလုံးအတွက် အရာရာတိုးတက်အောင် ဆက်လက်လုပ်ဆောင်ဖို့ ဘယ်လိုအတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်သလဲဆိုတာကို ဒီအချက်က သတိပေးနေတာပါ”လို့လည်း ရေးသားထားပါတယ်။

ဘဲယားဟာ Sunshine Coast တက္ကသိုလ်က သူ့ရဲ့ထိန်းကျောင်းပေးသူ Dr Romane Cristescu နှင့်အတူ ဗီဒီယိုလင့်ခ်မှတစ်ဆင့် အခမ်းအနားတက်ရောက်ခဲ့ပါတယ်။ Dr Cristescu က “Bear ဟာ ဒီဆုကို တကယ်ပဲ ထိုက်တန်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ကိုအာလာတွေအများကြီးရှာတွေ့ပြီး ကယ်ဆယ်နိုင်ဖို့ ကူညီပေးတဲ့နေရာမှာ အထူးသဖြင့် တောမီးတွေအတွင်းမှာ သူက တော်တဲ့ကောင်လေးဖြစ်လို့ပါ။ သူက ကိုအာလာတွေအတွက် ပိုမိုကောင်းမွန်ပြီး ဘေးကင်းတဲ့နေရာ‌တွေ ကျွန်တော်တို့ ဖန်တီးပေးနိုင်အောင် ကျွန်တော်တို့အလုပ်မှာ တစ်နှစ်ပတ်လုံး ကူညီပြီးအလုပ်လုပ်ပေးခဲ့တယ်”လို့ ဗီဒီယိုကတဆင့် ပြောကြားခဲ့ပါတယ်။

IFAW က သဘာဝဘေးအန္တရာယ်အခြေအနေတွေမှာ ထိန်းသိမ်းစောင့်ရှောက်ရေးကြိုးပမ်းဆောင်ရွက်မှုတွေလုပ်တဲ့နေရာမှာ Sunshine Coast တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဘဲယားလို ခွေးမျိုးတွေကို အသုံးပြုနေတာပါ။ ခွေးရဲ့အနံ့ခံအာရုံက လူ့နှာခေါင်းထက် အဆ 10,000 အထိ အားကောင်းပြီး အန္တရာယ်များတဲ့ အခြေအနေတွေမှာ ခွေးတွေက အလွန်အသုံးဝင်တယ်လို့ ဆိုပါတယ်။

Ref: Ladbible “Hero Dog Honoured With Big Award For Helping Find Koalas After 2019-20 Australian Bushfires”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top