မိန်းကလေးတွေရဲ့ဆံပင်အဖြစ် သစ်ပင်တွေကို အသုံးပြုပြီး ပန်းချီပုံဖော်ရေးဆွဲတဲ့ ဘရာဇီးပန်းချီပညာရှင်

7-9-2021-yyl01.png

ပန်းချီပညာရှင်တွေက သူတို့ရဲ့လက်ရာတွေကို ဖန်တီးတဲ့အခါမှာ စိတ်ကူးစိတ်သန်းကွန့်မြူးပြီး အမျိုးမျိုးသောအရာတွေနဲ့ ပေါင်းစပ်ပုံဖော်တတ်ကြပါတယ်။ ဘရာဇီးနိုင်ငံက ပန်းချီပညာရှင်တစ်ဉီးကလည်း သူ့လက်ရာတွေက အခြားသူတွေနဲ့ မတူဘဲ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရေးဆွဲထားတာကြောင့် သူ့ကို ပိုပိုပြီး လူသိများလာနေပါတယ်။

ဖာဘိုင်အို ဂိုမက်စ် တရင်ဒါဒီ (Fabio Gomes Trindadi) က သူ့ရဲ့လက်ရာတွေကို တစ်စုံတစ်ယောက်က မြင်လိုက်တာနဲ့ အံ့အားသင့်သွားစေနိုင်တဲ့ လမ်းဘေးပန်းချီတွေကို ဖန်တီးတဲ့သူပါ။ နံရံတွေပေါ်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ပုံတူတွေကို အသေးစိတ်ရေးဆွဲတဲ့အပြင် ဆံပင်အဖြစ် သစ်ပင်တွေကိုလည်း အသုံးပြုတဲ့အတွက် လူသိများတာပါ။ သူ့ရဲ့လက်ရာတွေက ဆိုရှယ်မီဒီယာကနေတဆင့် ကမ္ဘာတစ်ဝှမ်းထိ ပျံ့နှံ့သွားခဲ့ပါတယ်။

နာမည်ကြီးဟောလိဝုဒ်မင်းသမီး အော်စကာဆုရှင် ဗိုင်အိုလာ ဒါဗစ် (Viola Davis) က ဖာဘိုင်အိုရဲ့အနုပညာလက်ရာတွေကို “ကြိုက်လိုက်တာ”လို့ ပြောပြီး မျှဝေခဲ့ပါတယ်။ ကမ္ဘာကျော်အဆိုတော် ဘီယွန်းစေးရဲ့မိခင် တီနာ နိုလက်စ်ကလည်း “သစ်ပင်တစ်ပင်ကို အသုံးပြုဖို့အတွက် ကောင်းလိုက်တဲ့နည်းလမ်းပါပဲ” လို့ ပြောပြီး မျှဝေခဲ့ပါတယ်။ ဖာဘိုင်အိုက သစ်ပင်တွေအောက်မှာရှိတဲ့ နံရံတွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ပုံတူကို ရေးဆွဲတာပါ။ အဲဒီသစ်ပင်တွေကို အမျိုးသမီးတွေနဲ့ကလေးတွေရဲ့ ဆံပင်တွေအဖြစ် အသုံးပြုပြီးပုံဖော်ခဲ့တာပါ။

အမျိုးသမီးတွေနဲ့ကလေးတွေရဲ့ဆံပင်အဖြစ် သစ်ပင်တွေကို အသုံးပြုဖန်တီးရေးဆွဲဖြစ်ခဲ့တာက အိမ်ဟောင်းတစ်ခုရဲ့ခြံထဲမှာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က စိုက်ခဲ့တဲ့ အပင်တစ်ပင်ကို မြင်တွေ့ခဲ့ရင်းက ဒီစိတ်ကူးရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် သစ်ပင်တွေကလည်း ဖာဘိုင်အိုရဲ့အကောင်းဆုံးလက်ရာတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ။

ဖာဘိုင်အိုက သစ်ပင်တွေကို အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ဆံပင်အဖြစ် အသုံးပြုပြီး ပုံတူရေးဆွဲတာအပြင် သစ်ပင်တွေကို ဆံပင်အဖြစ်အသုံးမပြုဘဲ ရေးဆွဲတဲ့ အခြားပန်းချီတွေလည်းရှိပါတယ်။ ဒါပေမဲ့ သစ်ပင်တွေကို အမှီပြုပြီးတော့ ရေးဆွဲပါတယ်။ သစ်ပင်တွေကတော့ သူ့ရဲ့အနုပညာလက်ရာတွေမှာ မပါမဖြစ်ပါပဲ။ စာဖတ်ပရိသတ်တွေလည်း ဒီဘရာဇီးပန်းချီပညာရှင်ရဲ့ လက်ရာတွေကို မြင်ရင် သေချာပေါက်သဘောကျမယ်ထင်ပါတယ်။

Ref: Boredpanda “Artist In Brazil Goes Viral After Using Trees As ‘Hair’ For His Women’s Portraits”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top