ချီလီဆန္ဒပြပွဲမှာ ရဲအရာရှိ ၇ ယောက် ပျားတုပ်ခံရလို့ ပျားမွေးမြူရေးသမား ၄ ယောက် ဖမ်းဆီးခံရ

5-2-2022-yyl7.jpg

ချီလီနိုင်ငံ သမ္မတနန်းတော်ရှေ့က ဆန္ဒပြပွဲမှာ ပျားအကောင်ရေ ၁၀၀၀၀ ပျံဝဲခဲ့ပြီး ရဲအရာရှိ ၇ ယောက် ပျားတုပ်ခံရပြီးနောက်မှာ ပျားမွေးမြူရေးသမား ၄ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ချီလီနိုင်ငံမှာ ကာလရှည် မိုးခေါင်ရေရှားခဲ့ပြီး ပျားတွေရဲ့ အစားအစာရင်းမြစ်ဖြစ်တဲ့ ပန်းတွေ၊ ကောက်ပဲသီးနှံတွေ ပြတ်လပ်ခဲ့လို့ ပျားမွေးမြူရေးလုပ်ငန်း ထိခိုက်နစ်နာခဲ့ရပါတယ်။ ချီလီနိုင်ငံမှာ မိုးခေါင်ရေရှားဖြစ်တာ ကြုံရခဲတဲ့ကိစ္စမဟုတ်ပေမဲ့ အခုကြုံနေရတဲ့ မိုးခေါင်ရေရှားမှုဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ဖြစ်ပွားနေခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် အခုလို ဖြစ်ရတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ချီလီအစိုးရအနေနဲ့ ပျားရည်ဈေး တိုးပေးဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ (သို့မဟုတ်) သူတို့ကို ထောက်ပံ့ကြေးပေးအပ်ဖို့ ပျားမွေးမြူရေးသမားတွေက အလိုရှိနေပါတယ်။ ချီလီသမ္မတနန်းတော်ရှေ့က ဆန္ဒပြပွဲတွေမှာ ပျားမွေးမြူရေးသမားတွေက သမ္မတ ပင်နီရာနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပျားမွေးမြူရေးသမားတွေဟာ သမ္မတနန်းတော်ရှေ့မှာ ပျားလှောင်အိမ် ၆၀ လောက် ချထားပြီး ဆန္ဒပြခဲ့ကြတာပါ။

” ပျားတွေ သေကုန်တော့မယ်။ ပျားတွေသေရင် ကျွန်တော်တို့ဘဝလည်း ပျက်ပြီ။ အဲဒီအခြေအနေကိုသိအောင် အခုလို ဆန္ဒပြရတာပါ” လို့ ပျားမွေးမြူရေးသမား ဟိုဆေးအိုင်တူရာက ပြောပါတယ်။ ဆန္ဒပြနေတဲ့ ပျားမွေးမြူရေးသမားတွေကို ဖမ်းဆီးဖို့ ကြိုးစားပြီး ပျားလှောင်ကန်တွေကို နေရာရွှေ့ပြောင်းဖို့ ကြိုးပမ်းချိန်မှာ အမျိုးသားရဲတပ်ဖွဲ့ဝင် ၇ ယောက် ပျားတုပ်ခံခဲ့ရလို့ ဆေးရုံရောက်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

မိုးခေါင်ရေရှားမှုနဲ့ အပူချိန်မြင့်တက်မှုကြောင့် ကမ္ဘာတစ်ဝန်းမှာ ပျားကောင်ရေ ကျဆင်းမှု ကြုံတွေ့နေပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနအရ မျိုးဆက်တစ်ဆက်အတွင်း မြောက်အမေရိကတိုက်မှာ ပျားအကောင်ရေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး ဥရောပမှာ ၁၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ Science စာစောင်က ဖော်ပြခဲ့ပါတယ်။

Ref: CNN “10,000 bees join protest in Chile, 7 police officers stung”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top