ရေချိုးကန်ထဲမှာ ဖုန်းသုံးရင်း ဓာတ်လိုက်ပြီးသေဆုံးသွားခဲ့တဲ့ ကောင်မလေး

170718113722-01-teen-texts-released-trnd-exlarge-169.jpg

အမေရိကန်နိုင်ငံ၊ အနောက်တောင်ဘက်ပိုင်းပြည်နယ်ဖြစ်တဲ့ နယူးမက်ဆီကို (New Mexico)ပြည်နယ် လိုဗင်တန်မြို့တွင်နေထိုင်တဲ့ အသက် ၁၄နှစ်အရွယ် မက်ဒီဆင်ကိုး (Madison Coe) ဆိုတဲ့ကောင်မလေးဟာ ရေချိုးကန်မှာ ဖုန်းအသုံးပြုရင်း ဓာတ်လိုက်ကာ သေဆုံးသွားခဲ့ပါတယ်။

သူမဟာ စမတ်ဖုန်းကိုအသုံးပြုရင်း ရေချိုးကန်ထဲ ဝင်စိမ်လေ့ရှိပြီး ထိုနေ့ကလည်းသူမဟာ ဖုန်းကိုရေချိုးကန်ထဲယူသွားပြီး ခြောက်သွေ့အောင် တဘတ်ဖြင့် သုတ်ကာ  ဖုန်းကို အားသွင်းခဲ့ပါတယ်။ ဖုန်းသုံးနေတုန်းမှာပဲ သူမဟာ ဓာတ်ပုံတစ်ပုံကို ရိုက်ခဲ့ပြီး “extension ကြိုးခွေကို သုံးလိုက်တော့ ရေချိုးကန်ထဲမှာ ဖုန်းသုံးနေလည်း အားသွင်းလို့ရတာပေါ့” ဆိုကာ သူမရဲ့ သူငယ်ချင်းတွေဆီကို ပို့ခဲ့ပါသေးတယ်။ အဲ့ဒီဆဲလ်ဖီဟာ မက်ဒီဆင်ကိုးရဲ့ နောက်ဆုံးဆဲလ်ဖီ ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဇူလိုင် ၉ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲများကစုံစမ်းစစ်ဆေးခဲ့ကာ ဓာတ်လိုက်သေဆုံးမှု ဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ဖြစ်ပွားပုံကတော့ မက်ဒီဆင်ဟာ ဖုန်းကို အားသွင်းခဲ့ပြီး အားသွင်းကြိုးကို extension ကြိုးခွေမှာတပ်ထားကာ extension ကြိုးခေါင်းကိုတော့ ground fault circuit interrupter(GFCI) လို့ခေါ်တဲ့ လျှပ်စီးပြောင်းလဲပြီး စီးဆင်းသွားရင် ဖြတ်ချပေးတဲ့ကိရိယာ မပါတဲ့ ပလပ်ပေါက်မှာ တပ်ထားခဲ့တာ ဖြစ်ပါတယ်။

မက်ဒီဆင်ကိုင်ခဲ့တဲ့ ဖုန်းဟာ Samsung 6s Edge ဖုန်းဖြစ်ပြီး စစ်ဆေးသူများရဲ့ အဆိုအရ မက်ဒီဆင်ဟာ သတိပေးချက်များအတိုင်း လျှပ်စစ်ကြိုးများကို ခြောက်သွေ့အောင်လုပ်ပြီးမှ အားသွင်းခဲ့တာဖြစ်ပေမဲ့ extension ကြိုးခွေပေါက်နေတာကိုတော့ သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မက်ဒီဆင် ရေချိုးကန်ထဲမှာစိမ်နေတုန်း ပေါက်ပြဲနေတဲ့ extension ကြိုးခွေနဲ့ ထိမိကာ ဓာတ်လိုက်ခဲ့တာ ဖြစ်ပြီး မက်ဒီဆင်ရဲ့လက်မှာ လောက်ကျွမ်းရာတစ်ခု တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီအဖြစ်ဆိုးကြီးအပြီးမှာတော့ မက်ဒီဆင်ရဲ့ သူငယ်ချင်းများနဲ့ မိသားစုများက ဆယ်ကျော်သက်တွေ ရေချိုးကန်မှာ စာရိုက်ခြင်းရဲ့အန္တရာယ်ကို ဝေမျှခဲ့ပါတယ်။ အမေရိကန် စားသုံးသူ အန္တရာယ်ကင်းရှင်းရေးအဖွဲ့မှ ပြင်းထန်တဲ့ ဓာတ်လိုက်ခြင်းများကို ကာကွယ်ဖို့အတွက် ground fault circuit interrupter (GFCI) တပ်ဆင်ထားတဲ့ ပလပ်ပေါက်များ သုံးစွဲရန် အကြံပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီ GFCI တပ်ဆင်ထားတဲ့ ပလပ်ပေါက်များကိုလည်း တစ်လတစ်ကြိမ်မှန်မှန်  စစ်ဆေးကြဖို့လည်း အမေရိကန် စားသုံးသူ အန္တရာယ်ကင်းရှင်းရေး အဖွဲ့က ပြောခဲ့ပါတယ်။

Ref : CNN News : Teen electrocuted after playing on phone in bathtub

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top