အိုမီခရွန်မျိုးကွဲသစ်က ကိုဗစ်-၁၉ ကပ်ရောဂါအဆုံးသတ်တော့မယ်ဆိုတဲ့ ရောင်နီသန်းမှု ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ ဆို

28-2-2022-yyl9.jpg

အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ ကပ်ရောဂါ အဆုံးသတ်တော့မယ်ဆိုတဲ့ ရောင်နီသန်းမှု ဖြစ်နိုင်တယ်လို့ မက်ဆာချူးဆက်တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ဂျရမီလူဘန်းက ပြောပါတယ်။ မျိုးဗီဇပြောင်းလဲမှု ၅၀ လောက်အထိ ပါဝင်နေတဲ့ အိုမီခရွန်မျိုးကွဲသစ်ဟာ အရင်မျိုးကွဲသစ်တွေနဲ့ ဆက်စပ်မှုမရှိသလိုဖြစ်နေပြီး ဘယ်က ဘယ်လိုပေါ်ပေါက်လာမှန်း မသိတဲ့ သဘောတရားမျိုး၊ ခန့်မှန်းလို့မရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်မှာလည်း အားနည်းချက်ရှိပါတယ်။

ကာကွယ်ဆေး ထိုးထားသူတွေ၊ ကိုဗစ်-၁၉ ကူးစက်ခံရဖူးသူတွေဆိုရင် ရောဂါဒဏ် ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပါဘူး။ လည်ချောင်းနာတာ၊ အအေးမိတဲ့ လက္ခဏာမျိုးလောက်ပဲ ခံစားရပါတယ်။ ဒါကိုကြည့်ရင် SARS-CoV-2 ဗိုင်းရပ်စ်က အဆုံးသတ်ကို ရောက်လာပြီလို့ ယူဆစရာပါ။ တကယ်လို့ အိုမီခရွန်မျိုးကွဲသစ်က မပြင်းထန်တော့ဘူးဆိုရင် SARS-CoV-2 ဗိုင်းရပ်စ် အားနည်းလာတာလို့ တွက်ဆနိုင်ပါတယ်။တခြားကိုဗစ်မျိုးကွဲတွေမှာ အသက်ရှူလမ်းကြောင်းရဲ့ နက်ရှိုင်းတဲ့နေရာက ဆဲလ်တွေကို ကူးစက်ပြီး အဆုတ်တွေထဲကို ရောက်ရှိသွားတာ တွေ့ရပေမဲ့ အိုမီခရွန် မျိုးကွဲသစ်ကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းက ဆဲလ်တွေကိုပဲ ကူးစက်ပါတယ်။ ဒါဟာ တခြားမျိုးကွဲတွေလောက် ရောဂါမပြင်းထန်တဲ့ အကြောင်းရင်းပါပဲ။

ကိုဗစ်-၁၉ အစောပိုင်းမျိုးကွဲတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဆဲလ်တွေပေါင်းစည်းပြီး ဗိုင်းရပ်စ်ထုတ်တဲ့ စက်ကြီးတစ်လုံးလို ဖြစ်သွားလေ့ရှိပါတယ်။ ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုကို အားကောင်းလာစေပြီး လူနာကတော့ ရောင်ရမ်းတာ၊ ဆဲလ်တွေ၊ တစ်သျှူးတွေ ထိခိုက်ပျက်စီးတာမျိုး ခံစားရလေ့ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါဒဏ် ဆိုးဆိုးရွားရွား ခံစားရတဲ့အဆင့်မှာ အဲဒီလိုရောင်ရမ်းမှုတွေ ခံစားရတာပါ။ အိုမီခရွန်မျိုးကွဲသစ်ကတော့ အဲဒီလို ဆဲလ်ပေါင်းစည်းမှုမျိုး မရှိလို့ ဆဲလ် ထိခိုက်မှု နည်းပါတယ်။ ဗြိတိန်နိုင်ငံမှာ အခုနောက်ဆုံး ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ကာကွယ်ဆေးထိုးထားသူတွေမှာ အိုမီခရွန်မျိုးကွဲ ကူးစက်ခံရမှုနဲ့ ဒယ်တာမျိုးကွဲ ကူးစက်ခံရမှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ အိုမီခရွန်မျိုးကွဲ ကူးစက်ခံရရင် ဆေးရုံတက်ရနိုင်ခြေ ၃ ပုံ၊ ၂ ပုံ နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လူသားတွေကို ကူးစက်ခဲ့တဲ့ SARS-CoV-2 ဗိုင်းရပ်စ် မျိုးကွဲအားလုံးထဲမှာ အိုမီခရွန်က ကူးစက်ခံချင်စရာအကောင်းဆုံး ဗိုင်းရပ်စ်မျိုးကွဲ ဖြစ်လိမ့်မယ်လို့ ထိပ်တန်းသိပ္ပံပညာရှင်တွေက ယူဆနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမီခရွန် မျိုးကွဲသစ်က ကူးစက်မှုနှုန်း မြန်ဆန်လွန်းပေမဲ့ ကူးစက်ခံရရင် ရောဂါလက္ခဏာ မပြင်းထန်တဲ့အပြင် ကာကွယ်ဆေး ထိုးထားသူတွေအနေနဲ့ အိုမီခရွန် ကူးစက်ခံရရင် ကိုယ်ခံအားစနစ် ပိုကောင်းလာပါတယ်။ ဒါ့အပြင် အရင်ကိုဗစ်မျိုးကွဲ ကူးစက်ခံရတုန်းက ဖြစ်ပေါ်လာတဲ့ ကိုယ်ခံအားစနစ်နဲ့ပေါင်းရင် အံ့အားသင့်စရာ ကိုယ်ခံအားစနစ်မျိုး ဖြစ်ပေါ်လာပြီး SARS-CoV-2 ဗိုင်းရပ်စ်ကို အမြစ်ပြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ ပညာရှင်တွေက ယူဆနေကြပါတယ်။

တွက်ချက်မှုပုံစံတချို့အရ အိုမီခရွန် ကိုဗစ်မျိုးကွဲဟာ ကမ္ဘာတစ်ဝန်းက လူဦးရေ တစ်ဝက်လောက်ကို ကူးစက်စေနိုင်ပြီး သူတို့အနေနဲ့ ရောဂါဒဏ် ခံစားရဖွယ်မရှိဘူးလို့ ယူဆထားပါတယ်။ ကာကွယ်ဆေး ထိုးနှံပြီးစီးသူတွေ များပြားလာတာကြောင့် ဗိုင်းရပ်စ်ဟာ တဖြည်းဖြည်း အားပျော့လာပြီလို့ ယူဆရပြီး ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလအစပိုင်းမှာ ကူးစက်မှုနှုန်း အမြင့်ဆုံးအခြေအနေ ကြုံပြီးရင် ကပ်ရောဂါအဖြစ်ကနေ ကူးစက်ရောဂါအဆင့် ပြောင်းလဲသွားလိမ့်မယ်လို့ တွက်ဆကြပါတယ်။ လူအများစုက ရောဂါဒဏ် ဆိုးဆိုးရွားရွား ခံစားရတော့မှာမဟုတ်လို့ ကူးစက်ရောဂါအဆင့် ဖြစ်သွားရင် ထိန်းချုပ်လို့ရနိုင်ဖို့ ရှိပါတယ်။

ဒါပေမဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ ခန့်မှန်းမရတဲ့ သဘောတရားကြောင့် နောက်နှစ်တွေအထိ ကူးစက်ပျံ့နှံ့မှုတွေ ရှိနေနိုင်သေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေဖြစ်လာခဲ့ရင်တော့ အိုမီခရွန်မျိုးကွဲသစ်ဟာ အဆုံးသတ်ရောက်တော့မယ့် ရောင်နီမဟုတ်တော့ဘဲ ပိုကူးစက်မြန်တဲ့၊ ပိုပြင်းထန်တဲ့ ဗိုင်းရပ်စ်သစ်တစ်ခု အစပြုတော့မယ့် နိမိတ်လည်း ဖြစ်နေနိုင်ပါတယ်။

Ref: Time “Omicron Could Be the Beginning of the End of the COVID-19 Pandemic”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top