သွေးကင်ဆာရောဂါကို ကုသပျောက်ကင်းစေတဲ့ ကုထုံး

4-2-2022-yyl04.jpg

၂၀၁၀ ပြည့်နှစ်မှာ ဆရာဝန်တွေက ဒေါက်အိုလ်ဆန်ရဲ့ သွေးကင်ဆာရောဂါကို စမ်းသပ်ဆဲ မျိုးဗီဇကုထုံးနဲ့ ကုသခဲ့ကြတယ်။ မျိုးဗီဇကုထုံးဆိုတာ သူ့ရဲ့သွေးဖြူဆဲလ်တွေကို ကင်ဆာသတ်တဲ့ ဆဲလ်တွေအဖြစ် အသွင်ပြောင်းလဲပေးလိုက်တာပါ။ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ချိန်မှာတော့ အိုလ်ဆန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ပါဘူး။ ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က ဆရာဝန်တွေရဲ့ပြောကြားချက်အရတော့ အိုလ်ဆန်နဲ့ နောက်ထပ်လူနာတစ်ယောက်ကို အဲဒီကုထုံးနဲ့ ကုသပျောက်ကင်းစေခဲ့တယ်လို့ ဆိုပါတယ်။

” လက်ရှိ ကျွန်တော့်ရဲ့ကျန်းမာရေးကတော့ ဒေါင်ဒေါင်မည်ပါပဲ။ ဖျတ်လပ်တက်ကြွနေတုန်းပဲ။ ၂၀၁၈ ခုနှစ်အထိ တစ်ဝက်မာရသွန်ပြေးပွဲဝင်ခဲ့သေးတယ်။ ရောဂါ ပျောက်ကင်းသွားပါပြီ။ ပျောက်ကင်းတယ်ဆိုတဲ့ စကားလုံးကို ဆရာဝန်တွေက ခပ်ပေါ့ပေါ့ပြောခဲ့တာ မဟုတ်ပါဘူး” လို့ အသက် ၇၅ နှစ်အရွယ် အိုလ်ဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ထွက်ရှိခဲ့တဲ့ Nature စာစောင်မှာ ဆရာဝန်တွေက လူနာ ၂ ယောက်လုံးရဲ့ ကုသချက်ဆိုင်ရာ လေ့လာမှုကို ဖော်ပြခဲ့ပါတယ်။ အဲဒီကုသမှု ၂ ခုလုံးမှာ CAR-T cell ကုထုံးက ကင်ဆာကို ချက်ချင်းတိုက်ခိုက်ပေးနိုင်သလို ခန္ဓာကိုယ်ထဲမှာ နှစ်ချီ ရှိနေပြီး ကင်ဆာပျောက်ကင်းသွားအောင် စွမ်းဆောင်ပေးခဲ့တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ယနေ့အချိန်မှာတော့ ” သက်ရှိ ဆေးဝါးများ” လို့ အမည်ပေးထားတဲ့ အဲဒီနည်းကို သွေးကင်ဆာရောဂါတွေ ကုသပေးဖို့ ကမ္ဘာတစ်ဝန်းမှာ လူသောင်းချီ အသုံးပြုနေကြပါပြီ။

အဲဒီကုထုံးမှာ လူနာရဲ့ T-cell (ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ သွေးဖြူဆဲလ်)တွေကို ထုတ်ယူပြီး ကင်ဆာဆဲလ်တွေကို ရှာဖွေတိုက်ခိုက်နိုင်စွမ်း ရှိလာအောင် ဓာတ်ခွဲခန်းမှာ မျိုးဗီဇ ပြုပြင်ပြောင်းလဲပေးပါတယ်။ ပြီးရင် မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ T-cell ကို ဖန်ပြွန်နည်းပညာနဲ့ လူနာရဲ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးတာ ဖြစ်ပါတယ်။

အိုလ်ဆန်ကို အဲဒီကုထုံးနဲ့ ကုသပေးချိန်မှာ သူက ကင်ဆာရောဂါ ခံစားနေရတာ နှစ်နဲ့ချီနေပါပြီ။ ၁၉၉၆ ခုနှစ်က သွေးကင်ဆာ ခံစားနေရတယ်လို့ စစ်ဆေးတွေ့ရှိချိန်မှာ အိုလ်ဆန်က ‘သူ လပိုင်းလောက်ပဲ အသက်ရှင်တော့မယ်’လို့ ထင်ခဲ့တာပါ။ သူဟာ ဓာတ်ရောင်ခြည်ကုထုံးနဲ့ ကုသခဲ့ရပြီး သူ့ကို ကုသပေးနေတဲ့ သမားတော် ဒေါက်တာပေါ်တာက ရိုးတွင်းခြင်ဆီ အစားထိုးကုသဖို့ လိုအပ်နိုင်တယ်လို့တောင် ပြောခဲ့တာပါ။ ဒေါက်တာပေါ်တာက CAR-T ကုထုံးအကြောင်း ပြောပြခဲ့ပြီး အိုလ်ဆန်ကိုယ်တိုင်ကလည်း ရိုးတွင်းခြင်ဆီ အစားထိုးတာထက်စာရင် ကုထုံးသစ်နဲ့ ကုသဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

အိုလ်ဆန်ဟာ ကုသမှုခံယူပြီး သီတင်းပတ်အနည်းငယ်အကြာမှာ တစ်ပတ်လောက် ဖျားခဲ့ပြီး ၃ ရက်ကြာ ဆေးရုံတက်ခဲ့ရပါတယ်။ ” နောက်တစ်ပတ်ကျတော့ သမားတော်က ကျွန်တော့်ဘေး လာထိုင်ပြီး ‘ခင်ဗျားကိုယ်ထဲမှာ ကင်ဆာဆဲလ်တစ်ခုမှ မတွေ့ရတော့ဘူး’လို့ လာပြောခဲ့တဲ့အကြောင်း အိုလ်ဆန်က ပြန်ပြောပြပါတယ်။

နောက်လူနာတစ်ယောက်ကတော့ စာရိတ္ထထိန်းသိမ်းရေးစခန်းက အငြိမ်းစားအရာရှိ ဘီလ်လုဒ်ဝစ်ပါ။ သူလည်းပဲ အိုလ်ဆန်လိုပဲ ရလဒ်ကောင်းခဲ့ပါတယ်။ ကင်ဆာဆဲလ်တွေကို သတ်ဖို့အတွက် မျိုးဗီဇပြုပြင်ပေးထားတဲ့ ဆဲလ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အကူအညီပေးတဲ့ ဆဲလ်တွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။

နည်းပညာသစ်တွေ အသုံးပြုလာနိုင်လို့ ဆဲလ်တွေကို သီးသန့်ခွဲပြီး ခွဲခြမ်းစိတ်ဖြာမှု လုပ်နိုင်တဲ့အတွက် မျိုးဗီဇပြုပြင်ထားတဲ့ ဆဲလ်တွေက လူနာရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတည်ရှိသလဲဆိုတာ ကောင်းကောင်းသိမြင်ခွင့်ရတယ်လို့ သုတေသနမှာ ပါဝင်သူ မီလင်ဟော့စ်က ပြောပါတယ်။ ကင်ဆာရောဂါနဲ့ပတ်သက်လာရင် ကုသပျောက်ကင်းတယ်ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်မရသလောက် ဖြစ်ပေမဲ့ CAR-T ကုထုံးကြောင့် လူနာတွေ ကုသပျောက်ကင်းသလို ဖြစ်နေပြီလို့ ဝါရှင်တန်တက္ကသိုလ်ရဲ့ ကင်ဆာဆိုင်ရာ မျိုးဗီဇနဲ့ ဆဲလ်အသုံးပြု ကိုယ်ခံအားကုထုံး ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂိုဘာဒီက ပြောပါတယ်။

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနအပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ ကျန်းမာရေးအာဏာပိုင်တွေက သွေးကင်ဆာရောဂါ ခံစားနေရသူတွေကို CAR-T ကုထုံးနဲ့ ကုသခွင့်ပြုခဲ့လို့ ဒီကုထုံးနဲ့ ကုသမှုခံယူသူ သောင်းချီ ရှိနေပါပြီ။ အနာဂတ်ကာလမှာ အခြားကင်ဆာရောဂါတွေကိုလည်း CAR-T ကုထုံးနဲ့ ကုသနိုင်ဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က အရွယ်ရောက်ပြီးသူတွေရဲ့ ရိုးတွင်းခြင်ဆီမှာ အဖြစ်များတဲ့ ရိုးတွင်းခြင်ဆီ သွေးကင်ဆာရောဂါတွေအတွက် CAR-T ကုထုံးနဲ့ ကုသခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အစိုင်အခဲမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေကို CAR-T ကုထုံးနဲ့ ဘယ်လို ကုသရမလဲဆိုတာကတော့ သိပ္ပံပညာဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေဆဲပါ။

သွေးကင်ဆာရောဂါမှာတောင် CAR-T ကုထုံးနဲ့ ကုသဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ CAR-T ကုထုံးက အကုန်အကျ များလွန်းပြီး ဆေးဝါးစရိတ်တင် ဒေါ်လာသိန်းချီ ကုန်ကျပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ အလွန်အကျွံ တုံ့ပြန်မှု၊ ဦးနှောက်ရောင်ရမ်းမှုလို အာရုံကြောစနစ်ဆိုင်ရာ ပြဿနာ အစရှိတဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေတွေလည်း ရှိနေပါတယ်။

ပင်ဆယ်ဗေးနီးယားတက္ကသိုလ်က ဆရာဝန်တွေ ကုသပေးခဲ့တဲ့ လူနာ ၂ ယောက်လုံးကတော့ ကုသမှုခံယူပြီးတဲ့နောက် ကျန်းမာရေးကောင်းမွန်ခဲ့ပါတယ်။ လုဒ်ဝစ်ကတော့ သူ့ဇနီးနဲ့အတူ အိမ်ပုံစံဖန်တီးထားတဲ့ ကားနဲ့ နိုင်ငံတစ်ဝန်း ခရီးသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ် အစောပိုင်းမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

အိုလ်ဆန်ကတော့ ဆယ်စုနှစ်တစ်ခုကြာ အသက်ရှင်သန်ခွင့်ရခဲ့တဲ့အတွက် ဆရာဝန်တွေနဲ့ ဒီကုထုံးကို အလွန်အမင်း ကျေးဇူးတင်နေပါတယ်။ ” မျှော်လင့်ချက် အတိုင်းအတာ ပြောင်းလဲသွားတယ်။ ရှာဖွေတွေ့ရှိမှု အမြန်နှုန်းကို ကြည့်လိုက်ရင် အသက်ရှုရပ်သွားလောက်တယ်။ တကယ့်ကမ္ဘာသစ်ကြီး တစ်ခုပါပဲ” လို့ အိုလ်ဆန်က ပြောပါတယ်။

Ref: NCBNews “Cancer patients cured a decade after gene therapy, doctors say”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top