ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းတဲ့ ပင်လယ်ရေညှိ

29-10-2021yyl10.png

အရှေ့တောင်အာရှနိုင်ငံတွေမှာ ပင်လယ်ရေညှိက အတော်လေး လူကြိုက်များပါတယ်။ လူအများစုကတော့ ပင်လယ်ရေညှိကို ရေညှိပြားပြုလုပ်ပြီး ဆူရှီလုပ်စားဖြစ်ကြသလို ရေညှိပြားမလုပ်ဘဲ ဒီအတိုင်းလည်း စွပ်ပြုတ်၊ ဟင်းရည်အဖြစ်၊ အသုပ်အဖြစ်လည်း လုပ်စားဖြစ်ကြပါတယ်။ လူငယ်တွေကတော့ သွားရည်စာအနေနဲ့ ဆူရှီလုပ်စားရတာနဲ့ ရေညှိပြားချည်းစားရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ပင်လယ်ရေညှိစားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။

ပင်လယ်ရေညှိက အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေရဲ့အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ ဖော်လစ်၊ ဇင့်၊ ဆိုဒီယမ်၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်တွေနဲ့အတူ ဗီတာမင် အေ၊ စီ၊ အီး ပမာဏအနည်းငယ်ပါဝင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ကောင်းတဲ့ အိုမီဂါ ၃ နဲ့ ဗီတာမင် B12 တွေနဲ့လည်း ထုတ်ပိုးထားပါတယ်။ ခန္ဓာကိုယ်က ဆဲလ်တွေကို ကာကွယ်ပေးတဲ့ flavonoids နဲ့ carotenoids ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။

ရေညှိက အူကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့၊ ကိုယ်အလေးချိန်ကျဖို့အတွက် ထောက်ပံ့ပေးတဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်က အစာချေစနစ်အားကောင်းစေဖို့အတွက် ကူညီပေးတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ရေညှိမှာတွေ့ရတဲ့ sulfated polysacharides လို့ခေါ်တဲ့ သကြားက အူအတွင်း ကောင်းတဲ့ဘတ်တီးရီးယားတွေကို တိုးမြှင့်ပေးနိုင်တယ်လို့ ပြောကြပါတယ်။ ဒါက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစာခြေစနစ်ဖြစ်စေပြီး ဗိုက်ခဏခဏဆာတာမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။

ရေညှိက သိုင်းရွိုက်လုပ်ဆောင်ချက်ကိုလည်း တိုးမြှင့်ပေးပါတယ်။ ကျန်းမာတဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်အတွက် အရေးကြီးတဲ့ အိုင်အိုဒင်းဓာတ်လည်း ကြွယ်ဝပါတယ်။ သိုင်းရွိုက်ဟော်မုန်းမညီမျှရင် ခန္ဓာကိုယ်ကောင်းကောင်းလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အိုင်အိုဒင်းချို့တဲ့မှုကြောင့်ဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါက ခံစားနေရတဲ့သူတွေက သူတို့ရဲ့သိုင်းရွိုက်လုပ်‌ေဆောင်ချက်ကောင်းဖို့အတွက် ပင်လယ်ရေညှိကို စားပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ပင်လယ်ရေညှိက အကူအညီဖြစ်စေပါတယ်။ ပင်လယ်ရေညှိစားပေးတာက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးတဲ့အပြင် နှလုံးရောဂါနဲ့ဆက်စပ်တဲ့ ကိုလက်စထရောမြင့်မားတာ၊ သွေးတိုးတာ၊ အဝလွန်တာတွေမဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ ပင်လယ်ရေညှိက သွေးအတွင်း ကိုလက်စထရောပမာဏကို လျော့ချပေးနိုင်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒါတွေအပြင် ပင်လယ်ရေညှိမှာ ပါဝင်တဲ့ fucan လို့ခေါ်တဲ့ ကာဗွန်ဟိုက်ဒရိတ်က လည်း နှလုံးရောဂါနဲ့ဆက်စပ်တဲ့ သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ပင်လယ်ရေညှိက သွေးအတွင်း သကြားပမာဏကိုလည်း ထိန်းပေးတဲ့အတွက် ဆီးချိုရောဂါသမားတွေအတွက်ကောင်းပါတယ်။ အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေက သွေးအတွင်း သကြားပမာဏကို ထိန်းနိုင်တဲ့အတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့ ပင်လယ်ရေညှိက ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။

Ref: Surprising health benefits of seaweed: Know all about this delish food item


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top