အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အာဖဂန်လူမျိုးတွေအကြောင်း မျှဝေဖို့ အင်စတာဂရမ်အကောင့်ဖွင့်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

unnamed-4.png

ဟောလိဝုဒ်စူပါစတားအိန်ဂျလီနာဂျိုလီ (Agelina Jolie) ဟာ သြဂုတ်လ ၂၂ ရက်နေ့က တရားဝင်အင်စတာဂရမ်အကောင့်ကို ဖွင့်ခဲ့ပါတယ်။ အကောင့်ဖွင့်ပြီးပြီးချင်းမှာပဲ မြန်မြန်ဆန်ဆန်နဲ့ Follower ၆ သန်းကျော်ရှိသွားခဲ့ပါတယ်။ အခုတော့ follower ၉ သန်းကျော်သွားပါပြီ။ တာလီဘန်အုပ်ချုပ်မှုအောက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အာဖဂန်လူမျိုးတွေရဲ့ဆင်းရဲဒုက္ခတွေအကြောင်း ကမ္ဘာတစ်ဝှမ်းကလူတွေ သိရဖို့ အင်စတာဂရမ်ကနေတဆင့်မျှဝေပေးချင်တဲ့အတွက်ကြောင့် အိန်ဂျလီနာဂျိုလီက အင်စတာဂရမ်အကောင့်ဖွင့်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးပို့စ်မှာတော့ ဂျိုလီက အာဖဂန်မိန်းကလေးတစ်ဉီးဆီက စာတစ်စောင်ကို တင်ခဲ့တာပါ။ အဲဒီစာတစ်စောင်နဲ့အတူ “အာဖဂန်နစ္စတန်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဆီက ကျွန်မ လက်ခံရရှိခဲ့တဲ့ စာတစ်စောင်ပါ။ အခုဆိုရင် အာဖဂန်နစ္စတန်က လူတွေဟာ လူမှုကွန်ယက်မှာ အဆက်အသွယ်လုပ်နိုင်စွမ်းနဲ့ လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုနိုင်စွမ်းတွေ ဆုံးရှုံးနေကြတယ်။ ဒါကြောင့် သူတို့ရဲ့အခြေခံလူ့အခွင့်အရေးအတွက် တွန်းလှန်တိုက်ခိုက်နေကြတဲ့ ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့ အသံနဲ့ သူတို့ရဲ့အကြောင်းကို မျှဝေပေးနိုင်ဖို့ အင်စတာဂရမ်အကောင့်ဖွင့်လိုက်တာပါ” ဆိုတဲ့စာသားလည်းရေးသားခဲ့ပါတယ်။

ဂျိုလီက ” ၉/၁၁ (စက်တင်ဘာ ၁၁ တိုက်ခိုက်မှု) မတိုင်ခင် (၂) ပတ်က အာဖဂန်နစ္စတန်နယ်စပ်ကိုရောက်ခဲ့ဖူးပါတယ်။ အဲဒီမှာ တာလီဘန်တွေဆီက ထွက်ပြေးခဲ့တဲ့ အာဖဂန်ဒုက္ခသည်တွေကိုကျွန်မ တွေ့ဆုံခဲ့တယ်။ ဒါကလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကပါ။

“ သူတို့နိုင်ငံကို ဆုပ်ကိုင်ထားတဲ့ကြောက်ရွံ့မှုတွေ၊ မရေရာမှုတွေကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အာဖဂန်တွေကို မြင်တွေ့ရတာ စိတ်မကောင်းစရာပါပဲ။ အချိန်တွေ၊ ငွေကြေးတွေအများကြီးကုန်ပြီး ဒီကိုရောက်ဖို့ သွေးမြေကျရတာ၊ အသက်ဆုံးရှုံးခဲ့တာက နားလည်ဖို့မဖြစ်နိုင်သလောက် ကျရှုံးမှုပါပဲ”လို့ ဂျိုလီက ဆက်လက်ရေးသားခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ ကြုံတွေ့နေရတဲ့အကြောင်းတွေပြောရင်းနဲ့ ဂျိုလီက “အာဖဂန်ဒုက္ခသည်တွေကို ဝန်ထုပ်ဝန်ပိုးလို ဘယ်လို ဆက်ဆံခံနေရလဲဆိုတာ ဆယ်စုနှစ်ကြာ မြင်တွေ့ရတာကလည်း စိတ်မချမ်းမြေ့စရာပါ။ ပညာရေးကို လိုလားကြတဲ့ အဲဒီအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီး၊ မိန်းကလေးတော်တော်များများကို တွေ့ရတယ်”လို့လည်းဆိုပါတယ်။ “အာဖဂန်အရေးအတွက် ကျွန်မ ခေါင်းရှောင်နေမှာမဟုတ်ပါဘူး။ ကျွန်မ ကူညီနိုင်မယ့်နည်းလမ်းတွေကိုဆက်ရှာမယ်။ ပြီးတော့ မင်းတို့ ကျွန်မနဲ့ ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်တယ်” လို့ အဆုံးသတ်ရေးသားထားပါတယ်။

UNHCR ရဲ့အထူးသံတမန်ဖြစ်တဲ့ ဂျိုလီက ဒုတိယပို့စ်တစ်ခုမှာတော့ “ကျွန်မက လူ့အခွင့်အရေးကို စိတ်အားထက်သန်စွာ ယုံကြည်တဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့လူတွေနဲ့အတူ စတင်လုပ်ကိုင်ခဲ့တယ်။ သူတို့နဲ့သူတို့ရဲ့မိသားစုတွေကို လေးစားပါတယ်။ နှိပ်စက်ညှဉ်းပန်းမှု၊ တရားမမျှတမှု၊ တန်းတူမညီမျှမှုတွေ အရမ်းများပေမဲ့လည်း သူတို့တွေအားလုံးက ဆက်လက်ကျော်လွှားကြတယ်” လို့ ရေးသားထားပါတယ်။

Ref: Tribune “I’ve joined Instagram to share stories of Afghans fighting for basic human rights: Angelina Jolie”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top