ကမ္ဘာ့ပထမဆုံးမက်ဆေ့ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုကို လေလံတင်ရောင်းချ

23.12.2021yyl1.jpg

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လေလံပြပွဲမှာ ကမ္ဘာ့ပထမဆုံး မက်ဆေ့ရဲ့ အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု non-fungible token (NFT) ကို အမေရိကန်ဒေါ်လာ ၁၄၉,၇၂၉ နဲ့ ရောင်းချခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှာ ဗြိတိန်နိုင်ငံသား ပရိုဂရမ်ရေးသူ နေးလ်ပက်ဝါ့သ်ဟာ သူ့ရဲ့ကွန်ပျူတာထဲကနေ Vodafone ဆက်သွယ်ရေးကုမ္ပဏီ ဒါရိုက်တာ ရစ်ချက်ဂျာဗစ်ထံကို ” မယ်ရီခရစ္စမတ်” လို့ မက်ဆေ့ပို့ခဲ့ပါတယ်။ ဂျာဗစ်က ကုမ္ပဏီရဲ့ခရစ္စမတ်ပွဲ ဆင်နွှဲနေချိန်မှာ သူ့ရဲ့ Orbitel 901 ဆဲလ်ဖုန်းထဲကို မက်ဆေ့ရောက်လာခဲ့တာပါ။

NFT ဆိုတာ ကမ္ဘာ့ပထမဆုံးမက်ဆေ့ ပေးပို့မှုရဲ့ ဆက်သွယ်ရေးလုပ်ဆောင်မှုကို ဒစ်ဂျစ်တယ်ပိုင်ဆိုင်ခွင့်ရရှိတာပါ။ အမည်မဖော်လိုသူတစ်ယောက်က ကမ္ဘာ့ပထမဆုံး မက်ဆေ့ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုကို ဝယ်ယူခဲ့ပြီး ဒစ်ဂျစ်တယ်ငွေကြေး Ether နဲ့ ပေးချေခဲ့ပါတယ်။ သူဟာ မက်ဆေ့ဝင်နေတဲ့ ဖုန်းပုံစံ 3D ပုံရိပ် ဒစ်ဂျစ်တယ်ဘောင်တစ်ခုလည်း ရရှိခဲ့ပါတယ်။

Vodafone ကုမ္ပဏီထုတ် ဖုန်းတွေအချင်းချင်း မက်ဆေ့ပို့နိုင်စေဖို့အတွက် ပက်ဝါ့သ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဆက်သွယ်ရေးပုံစံတစ်ခုကို ဖန်တီးခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ သူတို့က ကုဒ်ကို ပြင်ဆင်ဖြည့်စွက် အချောသပ်ပြီး Vodafone ကွန်ရက်ကတစ်ဆင့် မက်ဆေ့ပို့နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အစောပိုင်းက ဆဲလ်ဖုန်းတွေမှာ ကီးဘုတ်မပါဝင်လို့ စာပေးပို့နိုင်ခြင်းမရှိပေမဲ့ ၁၉၉၄ ခုနှစ်အရောက်မှာတော့ Nokia 210 ဖုန်း ပေါ်လာပြီး ဖုန်းထဲကနေ မက်ဆေ့ပို့နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၅ နှစ်အကြာမှာတော့ ဆက်သွယ်ရေးကွန်ရက်အသီးသီးကနေ မက်ဆေ့ပို့လာနိုင်ပြီး မက်ဆေ့ပို့တာလည်း အရမ်းခေတ်စားလာခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံးမက်ဆေ့က လူတွေရဲ့ ဆက်သွယ်မှုပုံစံကို တော်လှန်ပြောင်းလဲပစ်သလို အစားထိုးမရတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု (NFTs)ကလည်း အနုပညာလောကကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လက ပထမဆုံး NFTs အနုပညာလက်ရာတစ်ခုကို Christie လေလံပြပွဲမှာ အမေရိကန်ဒေါ်လာ ၆၉.၃၄ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

Ref: CNN “World’s first SMS sold as NFT for $150,000 at Paris auction house”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top