၂၀၁၉ အတွက်ပျော်ရွှင်ဖွယ် Life Plan လေးတစ်ခုကြိုရေးထားလိုက်ကြရအောင်

image001.jpg

၂ဝ၁၈ ခုနှစ်ဟာအခုဆိုရင် ကုန်ဆုံးတော့မှာပါ။ နှစ်ကုန်ခါနီးတိုင်း ဘယ်အချက်တွေကိုအောင်မြင်အောင် လုပ်မယ်ဆိုပြီး စာရင်းရှည်တွေကို လူတိုင်းလုပ်တတ်ကြပါတယ်။

ဒါပေမဲ့လည်း အကောင်အထည်ပေါ်လာအောင် လူတိုင်း မလုပ်နိုင်ကြပါဘူး။ ဒါက စာရင်းတွေက ကြီးမားလွန်းနေပြီး လူကအဲ့လောက်မလုပ်နိုင်လို့ပါ။ ဒီတော့ အစီအစဉ်တစ်ခုဆွဲထားမယ်ဆိုရင် ပထမဆုံး အကြောင်းအရာ သေးသေးလေးတွေကို ထည့်သွင်းရပါမယ်။ ဒါဆိုရင် တကယ်ထိရောက်တဲ့ life plan တစ်ခု ဘယ်လိုရေးဆွဲရမလဲဆိုတာ အောက်က အချက်တွေကို တစ်ချက်ကြည့်လိုက်ရအောင်။

အဆင့် (၁) – အကောင်းဆုံး Planner တစ်ခုကိုရေးပါ

ကိစ္စလေးတွေကို ပြီးမြောက်အောင်ဆောင်ရွက်မယ့် planner လေးလိုမျိုး life planner လေးတစ်ခုရေးဆွဲထားမယ်ဆိုရင် အလုပ်တွေ ပိုပြီးလာမှာပါ။ အဲဒီ planner ထဲမှာကိုယ့်လုပ်ရမယ့် စာရင်း to-do list လည်းပါသင့်သလို၊ အနားယူအပန်းဖြေချိန်တွေ လည်းပါသင့်ပါတယ်။ ဒီလိုဆိုရင် ကိုယ်တစ်နေ့ ရေဘယ်လောက် သောက်တယ်၊ ဘာတွေစားတယ်၊ ကျန်းမာရေးလေ့ကျင့်ခန်းတွေ ဘယ်လောက်လုပ်ခဲ့တယ်၊ ငွေဘယ်လောက် သုံးခဲ့တယ် စတာတွေကို ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို ခြေလှမ်းလေးကို အရင် စလျှောက်ကြည့်မယ်ဆိုရင် အရင်ကသင်မလုပ်နိုင်ခဲ့တဲ့ life plan လေးထဲမှာ အံဝင်ခွင်ကျနေထိုင်နိုင်လာတာကိုတွေ့ရမှာပါ။ ကိစ္စရပ်လေးတွေကိုချရေးလိုက်ရုံနဲ့ သင်ဟာပိုပြီးစနစ်ကျလာပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနေနိုင်တယ်လို့ ခံစားလာရစေမှာပါ။ ကိုယ်လုပ်ဆောင်ပြီးသွားတဲ့ အရာတွေကိုအမှန်ခြစ်လေးတွေ ခြစ်လိုက်ရတဲ့ ခံစားမှုဟာလည်းဘာနဲ့မှမတူတဲ့ ခံစားမှုတစ်မျိုးဖြစ်ပြီး ကိုယ်စားသောက်တဲ့ အစားအသောက်တွေ၊ လုပ်ဆောင်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်း တွေကိုချရေးထားတာကလည်း ပိုကျန်းမာတက်ကြွ ပျော်ရွှင်တဲ့ ခံစားမှုကိုခံစားရမှာပါ။

အဆင့် (၂) – ပြောင်းလဲရမယ့် အချက်တွေ

ကျန်ခဲ့တဲ့နှစ်ထဲမှာ ကိုယ်ဘာတွေ ရှုံးနိမ့်ခဲ့လဲ၊ ဘယ်အရာတွေကိုပိုကောင်းအောင် လုပ်နိုင်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ အခုချက်ချင်းကြီး ပြောင်းလဲနိုင်ချင်မှ ပြောင်းလဲနိုင်မှာပါ။ ဒါပေမယ့် ဒီအချက်တွေကနေ နောင်နှစ်အတွက် သင်ယူလေ့လာနိုင်ပါတယ်။ ဒါကြောင့် မှားယွင်းလုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေအားလုံးကိုစာရင်းပြုစုပြီးတော့ ဒီအချက်တွေကိုဘယ်လို ပိုကောင်းအောင် လုပ်ဆောင်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ချရေးထားပါ။

အဆင့် (၃) – Happy List လေးဖန်တီးပါ

ဒီနှစ်မှာ ဘယ်အရာတွေက သင့်ကိုအပျော်ရွှင်ဆုံးဖြစ်စေခဲ့သလဲဆိုတာ ချရေးပါ။ ဒါဟာအောင်မြင်မှုတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ၂ဝ၁၉ ခုနှစ်မှာ သင့်ကိုပျော်ရွှင်စေမယ့် အတွေ့အကြုံ၊ လူ၊ အောင်မြင်မှု၊ ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် ကိစ္စလေးတွေအားလုံးကို ဒုတိယစာရင်းအဖြစ် ပြုလုပ်ထားပါ။ ကျွန်တော်တို့တွေဟာကျောင်းစာတွေ၊ အလုပ်တွေနဲ့ မကြာခဏ ပိနေတတ်ပြီး ကျွန်တော်တို့ရဲ့ပျော်စရာဘဝလေးကို မေ့နေတတ်ပါတယ်။ စာအုပ်ကောင်းတစ်အုပ် ဖတ်ရတဲ့ ပျော်ရွှင်မှု၊ ဆောင်းဦးရာသီရဲ့ လေနုအေးရနံ့လေးတွေကိုခံစားရမှု၊ ခရီးတစ်ခေါက်ထွက်လိုက်ရတဲ့ ခံစားမှုမျိုးတွေဟာ ပျော်စရာတွေကိုဆောင်ကျဉ်းပေးနိုင်ပါတယ်။

အဆင့် (၄) – အချောင်ခိုနေတဲ့ ဇုန်ထဲကနေ ရုန်းထွက်ပါ

လူတွေပြောတတ်ကြပါတယ်။ နှစ်သစ် လူသစ်တဲ့။ ၂ဝ၁၉ ခုနှစ်ဟာ နှစ်သစ်ဖြစ်ပြီး တိုးတက်မယ့်နှစ် ဖြစ်သလို ဒီနှစ်မှာ သင်ဟာလည်း လူသစ်တစ်ယောက်ဖြစ်ပြီး ပိုမိုအောင်မြင်လာမယ့် လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဒီတော့ နှစ်သစ်မှာ သင် လုပ်ရမှာကြောက်လို့ လုံးဝမလုပ်ခဲ့တဲ့ အရာတွေကို ချရေးလိုက်ပါ။ ရလာတဲ့ စာရင်းတွေထဲကမှ ကိုယ်နဲ့မသိသေးတဲ့ လူသစ်တွေနဲ့ တွေ့ဆုံတာပဲဖြစ်ဖြစ် လာမယ့်နှစ်မှာလုပ်ဆောင်ဖို့ ကြိုးစားကြည့်ပါ။ ဒီလိုလုပ်ဆောင်ခြင်းဟာ သင့်ကိုယ်သင် ယုံကြည်မှု အသစ်လည်းတိုးတက်လာစေနိုင်သလို သင်သွားတဲ့ လမ်းကြောင်းမှာတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အစွမ်းသတ္တိတွေ ရရှိလာစေမှာပါ။

အဆင့် (၅) – စိတ်ကူးယဉ်အိပ်မက်တွေကို ချရေးလိုက်ပါ

သင့်အလုပ်မှာ ရာထူးတိုးချင်တာလား၊ အိမ်တစ်လုံးဝယ်ချင်တာလား၊ ၂ဝ၁၉ အတွက် သင့်ရဲ့ ရည်မှန်းချက်တွေကို စာလုံးကြီးကြီးနဲ့ ထင်ထင်ရှားရှားရေးလိုက်ပါ။ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ ဒီလိုရည်မှန်းချက်ကြီးကြီးတွေကိုစပြီး လျာထားမယ်ဆိုရင် ဒီရည်မှန်းချက်တွေ တကယ်ဖြစ်လာအောင် သင် ကြိုးစားနိုင်ပါတယ်။ ဒါကြောင့် စာရွက်တစ်ရွက်နဲ့ ဘောပင်တစ်ချောင်းယူပြီးတော့ ၂ဝ၁၉ အတွက် သင့်မှာရှိတဲ့ အကြီးမားဆုံးစိတ်ကူးယဉ်အိပ်မက်ကို ချရေးလိုက်ပါ။ သင်အောင်မြင်အောင် ဆောင်ရွက်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေကိုသိလိုက်ရတာနဲ့တင် သင် ပြုံးမိမှာပါ။ဒီစာရွက်ကို သင် အမြဲတမ်းမြင်တွေ့နိုင်မယ့် နေရာတစ်ခုမှာထားပါ။ ဒီအိပ်မက်တွေ ရလာဖို့မနီးစပ်သေးဘူးဆိုရင်လည်း အမြဲတမ်းအပျက်ဘက်ကမတွေးဘဲ ကောင်းတဲ့ဘက်ကသာတွေးတောစဉ်းစားပါ။ တစ်နေ့တော့ သင့်အိပ်မက်ဆီကို ရောက်လာမှာပါ။

Ref : Knowledge : Career Girl Daily

Thinzar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top