အားလပ်ရက်မှာ ကြည့်စရာရုပ်ရှင်များ

40042020_1945532742157334_15498720200097792_n.jpg

ရိုးရာလေး ပရိသတ်ကြီး မင်္ဂလာပါ။ ဒီတစ်ပတ် ပိတ်ရက်မှာ အပျင်းပြေ ဘယ်ဇာတ်ကားလေးတွေ ကြည့်ဖို့ စဉ်းစားပြီးကြပြီလဲ… မစဉ်းစားရသေးဘူးဆို ကျွန်တော် ပြောပြပေးမယ်နော်… အပျင်းလည်းပြေ၊ ပညာလည်းရတဲ့ ဇာတ်ကားလေးတွေပေါ့။

၁။ Cells at Work

ကျွန်တော်တို့ ငယ်ငယ်က စာကျက်တဲ့အခါ ဒီတိုင်းကြီး ကျက်တာနဲ့စာရင် သီချင်းစာသားတွေထဲ စာတွေထည့်ပြီး သီချင်းလိုဆိုပြီးကျက်တာက စာရတာမြန်တယ်လေ… ဒီ Anime စီးရီးစ်ကလည်း ဒီသဘောပါပဲ။ လူ့ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေ၊ သွေးနီဥတွေ၊ ဆဲလ်တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို စီးရီးစ်အနေနဲ့ ရိုက်ပြထားတာပါ။

ဇာတ်လမ်းထဲက မင်းသမီးလေးက သွေးနီဥလေးပေါ့။ မင်းသားကတော့ သွေးဖြူဥပါ။ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ရောဂါတွေကို သွေးဖြူဥတွေက တိုက်ထုတ်ရင်း သွေးနီဥလေးနဲ့ တွေ့ကြတယ်ပေါ့။ ရောဂါပိုးတွေကို ဆွဲထားတာကလည်း ချစ်စရာတောင် ကောင်းနေပါသေးတယ်။ ခုနောက်ဆုံးထွက်သွားတဲ့ အပိုင်းထဲက ကင်ဆာဆဲလ်ဆို ဒရာမာ ခင်းချက်က ကိုး အပေါင်း ပါပဲ 😀

ဒီစီးရီးစ်ရဲ့ ကောင်းကွက်တစ်ခုကတော့ ဘာ ဆဲလ်ဖြစ်ဖြစ်၊ ဘယ်ရောဂါဖြစ်ဖြစ် ဇာတ်ကောင်အသစ် ဖန်တီးလိုက်ပြီဆိုရင် အဲဒီဇာတ်ကောင် (ဆဲလ်) ရဲ့ အလုပ်လုပ်ပုံတွေကို သေချာ ရှင်းပြတာပါပဲ။ ခန္ဓာဗေဒ သင်နေတဲ့သူတွေ၊ ဇီဝဗေဒ စိတ်ဝင်စားတဲ့သူတွေအတွက်တော့ အတော်ကို စိတ်ဝင်စားစရာကောင်း၊ ပညာရနိုင်မယ့် ဇာတ်လမ်းလေးပါလို့ ညွှန်းပေးလိုက်ပါရစေနော်…။

၂။ Miss Hammurabi

ဒါကတော့ ကိုရီးယားဒရာမာစီးရီးစ်ပါ။ တရားသူကြီးပေါက်စ ကောင်မလေးတစ်ယောက် ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်၊ ခေါက်ရိုးကျိုးနေတဲ့ အဖွဲ့အစည်းတွေက ပြုပြင်ပြောင်းလဲမှုတွေကို လက်မခံလိုတဲ့အခါ ဘယ်လို ချောက်ချတတ်ကြတာဆိုတာလေးတွေ ရိုက်ပြထားတာပါ။ အရိုတစ်လိုင်းလေးကလည်း ပါတော့ ကြည့်ပျော်တာပေါ့။

အမှန်တရားဘက်က ရပ်တည်လိုတဲ့ ဒီတရားသူကြီးပေါက်စမလေးဟာ ငယ်ငယ်က Sexual Harassment လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို နည်းပေါင်းစုံနဲ့ အလုပ်ခံရဖူးတဲ့ မိန်းကလေးပါ။ ငယ်ငယ်ကတော့ ကြောက်လို့ အရာအားလုံးကို ခေါင်းငုံ့ခံခဲ့ရပေမဲ့ ရင်ဆိုင်ဖို့ သတ္တိမွေးပြီးတဲ့အခါမှာ လုံးဝ မတူညီတဲ့ မိန်းကလေးတစ်ယောက်အဖြစ်ကို ပြောင်းလဲသွားပါတယ်။

ကိုရီးယားလို ခေတ်မီတဲ့ နိုင်ငံမျိုးမှာတောင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံနေရတာပါ။ ဥပမာ မြေအောက်ရထားပေါ်မှာ ကောင်မလေးရဲ့ တင်ပါးကို ကိုင်တယ်ဆိုပါစို့.. ဒီကလူတွေလိုပါပဲ။ ကိုင်မှာပေါ့ ဝတ်လာတာက ကြည့်ဦးလေ တို့ ဘာတို့ Victim Blaming (ခံရသူကို အပြစ်ဖို့ခြင်း) လုပ်တတ်ကြပါတယ်။ တကယ်တော့ အဝတ်အစားဆိုတာ ကိုယ်ပိုင် ရွေးချယ်မှုပါ။ ဒါကို အပြစ်ပြောပြီး ထိပါးချင်တိုင်း ထိပါးလို့မရပါဘူး။

Miss Hammurabi ဟာ အမျိုးသမီးတွေနေ့စဉ်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှုတွေ၊ Gender Stereotype တွေ (မိန်းကလေးဆိုတာ ဒီလိုမနေရဘူး၊ ဒီလိုနေမှပဲ မိန်းမကောင်းဖြစ်မယ်လို့ သတ်မှတ်ထားတဲ့ ဘောင်တွေ)၊ ရှေးရိုးစွဲနေတဲ့ အတွေးအခေါ်တွေ ၊ ဖြစ်သင့်တာတွေကို ယှဉ်ယှဉ်ပြီး ပြသသွားတာမို့ တကယ် ကြည့်သင့်ကြည့်ထိုက်တဲ့ စီးရီးစ်ကောင်းတစ်ခုပါပဲ။

တကယ်တော့ ကျွန်တော်က It’s ok to be sensitive ဆိုတာလေးတောင် ညွှန်းချင်သေးတာ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်တောင် ဘယ်နားသွားဒေါင်းရမယ် မသိသေးဘူး 😀 ဆိုတော့… ပိတ်ရက်မှာ ပျော်ရွှင်ကြပါစေနော်…။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top