ပါရမီကောလိပ်မှ ပါရမီတက္ကသိုလ်အား တိုးချဲ့ဖွင့်လှစ်သွားရန် စတင်လုပ်ဆောင်

Parami-University-Campus-Building.jpg

ပါရမီအနုဝိဇ္ဇာသိပ္ပံကောလိပ်သည် ပါရမီတက္ကသိုလ် အား တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လာမည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် “ပါရမီတက္ကသိုလ် ပထမခြေလှမ်းမိတ်ဆက်ခြင်း” အခမ်းအနားအား ပြုလုပ်သွားမည်ဖြစ်ကြောင်း Pan Pacific Hotel (ရန်ကုန်) တွင် ယနေ့ပြုလုပ်သည့် အခမ်းအနား၌ ကြေညာခဲ့သည်။ မြန်မာ့ပထမဆုံး အကျိုးအမြတ်မယူသော ပုဂ္ဂလိက အနုဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်လာမည့် ပါရမီတက္ကသိုလ်အား ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ အရည်အသွေးမြင့် သင်ကြားရေးနည်းစနစ်များ၊ လက်တွေ့သုတေသနပိုင်းဆိုင်ရာဆောင်ရွက်ချက်များဖြင့် သုတစုံလင် အနုဝိဇ္ဇာ သိပ္ပံပညာရေးကို အဓိက တစိုက်မတ်မတ် သင်ကြားပေးသည့် ထိပ်တန်း အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်သွားနိုင်ရန်ဟူသည့် ရည်မှန်းချက်နှင့်အတူ ပါရမီတက္ကသိုလ်သည် အနုဝိဇ္ဇာသိပ္ပံ ပညာရေးမှတဆင့် ဝေဖန်ပိုင်းခြားစိစစ်တွေးခေါ်နိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်းနှင့် လူမှုဂရုဏာ ဝန်ဆောင်မှုများကို မြှင့်တင်သင်ကြားပေး ခြင်းဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတဝန်းရှိ မတူညီသောနယ်ပယ်နှင့် အလွှာအသီးအသီးတို့မှ အနာဂတ်ခေါင်းဆောင်များ၊ ကမ္ဘာ့နိုင်ငံသားကောင်းများ မွေးထုတ်ပေးရန်အတွက် ရည်သန်လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအနေနှင့် အရည်အသွေးမြင့်ပညာရေးအား မြန်မာနိုင်ငံအတွင်းမှာပင် လေ့လာဆည်းပူးနိုင်မည့် အခွင့်အရေးများ ရရှိစေရန်အတွက်လည်း ပါရမီတက္ကသိုလ်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့ အခြေစိုက် အကျိုးအမြတ်မယူသော ဂုဏ်သရေရှိ၊ ပုဂ္ဂလိက အနုဝိဇ္ဇာသိပ္ပံ ကောလိပ်ကျောင်း တစ်ကျောင်း ဖြစ်သည့် Bard ကောလိပ်နှင့်လည်း ပူးပေါင်းလုပ်ဆောင်လျက် ရှိသည်။ အဆိုပါ ပူးပေါင်းလုပ်ဆောင်ချက်အရ ပါရမီတက္ကသိုလ်မှ သတ်မှတ်ထားသော သင်တန်းများအား အောင်မြင်ပြီးဆုံးသူများသည် ပါရမီတက္ကသိုလ်နှင့် Bard College တို့မှပေးအပ်သည့် Bachelor ဘွဲ့နှစ်ခုစလုံးကို တပြိုင်နက်ရရှိသွားမည် ဖြစ်သည်။ စုံလင်လှသော သင်တန်းပရိုဂရမ်များအား သင်ကြားပို့ချပေးနေသည့် ခေတ်မီကျောင်းတစ်ကျောင်းဖြစ်သည်နှင့်အညီ Bard ကောလိပ်သည် စတင်တည်ထောင်ခဲ့သည့် ၁၈၆၀ ခုနှစ်မှစ၍ ယဉ်ကျေးမှု၊ လူမှုဘဝနှင့် အနုဝိဇ္ဇာသိပ္ပံပညာရေးများအား ကျောင်းသား၊ ကျောင်းသူများထံ မျှဝေသင်ကြားပေးသွားရန် ရည်သန်လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် Bard ကောလိပ်သည် အစ္စရေး၊ ရုရှား နှင့် ဂျာမနီနိုင်ငံများအပါအဝင် ကမ္ဘာ့အနှံ့အပြားတွင် အလားတူမိတ်ဖက်အစီအစဉ်များအား လုပ်ဆောင်လျက်ရှိပြီး အခြားသောကမ္ဘာတဝန်းမှ နေရာဒေသများတွင်လည်း ဆက်လက်တိုးချဲ့သင်ကြားပေးသွားရန် လုပ်ဆောင်လျက်ရှိသည်။

ဤပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပါရမီတက္ကသိုလ်၏ အကြံပေးပုဂ္ဂိုလ် ဦးနေအုပ်က “အခုလို တက္ကသိုလ်နှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာကျောင်းသူကျောင်းသားတွေအတွက် အရမ်းကိုကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ အနာဂတ်မှာ ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံထဲမှာပဲ အဆင့်မြင့်ပညာရေးကို သင်ကြားလေ့လာ သွားနိုင်တော့မှာဖြစ်ပြီး သူတို့ ရှေ့လျှောက်မှာလုပ်ဆောင်သွားမယ့် လူမှုအကျိုးပြုလုပ်ငန်းတွေမှာလည်း သူတို့ ဆည်းပူးသင်ကြားခဲ့တဲ့ ပညာဗဟုသုတတွေကို လက်တွေ့အသုံးချသွားနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကျောင်းသူကျောင်းသားပေါင်း ၆၀၀ ကျော်အထိ လက်ခံသွားနိုင်မည့် ပါရမီတက္ကသိုလ်အား ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီး အနာဂတ်မျိုးဆက်သစ်များအား နယ်ပယ်ကဏ္ဍအသီးသီးတွင် ခေါင်းဆောင်များ၊ အတွေးအခေါ် ပညာရှင်များနှင့် တီထွင်ဆန်းသစ်သူများဖြစ်လာစေရေးအတွက် ကူညီပံ့ပိုးသွားရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးသိပ္ပံ၊ ဒဿနိကဗေဒနှင့် ဘောဂဗေဒ၊ မြို့ပြနှင့်ပတ်ဝန်းကျင်လေ့လာမှု၊ တွက်ချက်မှုနှင့်စာရင်းအင်းလေ့လာမှု အစရှိသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

ပါရမီတက္ကသိုလ်အား အဆင့်မြှင့်တင်ဖွင့်လှစ်မည့်အကြောင်း တရားဝင်စတင်မိတ်ဆက်သည့် “ပါရမီတက္ကသိုလ် ပထမခြေလှမ်းမိတ်ဆက်ခြင်း” အခမ်းအနားနှင့် ညစာစားပွဲအား ဖေဖော်ဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးရန် ဤသတင်းစာရှင်းလင်းပွဲအား ကျင်းပခဲ့ခြင်းဖြစ်သည်။ Novotel Hotel တွင်ကျင်းပသွားမည့် အဆိုပါ အခမ်အနားနှင့် ညစာစားပွဲတွင် ပါရမီတက္ကသိုလ်မှ ၎င်း၏ ကျောင်းပရဝုဏ်ဖွဲ့စည်းပုံကို ထုတ်ဖော်ပြသသွားမည် ဖြစ်သည့်အပြင် ပါရမီတက္ကသိုလ် အကောင်အထည်ဖော်ဖြစ်မြောက်ရေးအတွက် ပါဝင်ပံ့ပိုးခဲ့သော အဓိကအလှူရှင်များနှင့် မိတ်ဖက်များကိုလည်း အဆိုပါပွဲတွင် အသိအမှတ်ပြု ဂုဏ်ပြုသွားမည်ဖြစ်သည်။ ပါရမီတက္ကသိုလ်၏ Executive Director ဖြစ်သူ ဒေါက်တာကျော်မိုးထွန်းက “ပါရမီကောလိပ်နဲ့ ပါရမီတက္ကသိုလ်ကိုယ်စား လက်ရှိမှာ ကျွန်တော်တို့နဲ့အတူ လက်တွဲအလုပ်လုပ်နေသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ နောက်ပြီး အနာဂတ်မှာ ကျွန်တော်တို့နဲ့အတူ လက်တွဲအလုပ်လုပ်ကိုင်သွားဖို့ စိတ်ဝင်စားသူတွေ အားလုံးကိုလည်း ဒီနေရာကနေ ဖိတ်ခေါ်လိုပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပါရမီတက္ကသိုလ်၏ ကျောင်းပရဝုဏ်ကို ရန်ကုန်မြို့အခြေစိုက် အတွေ့အကြုံရင့် မြန်မာ့ဗိသုကာလုပ်ငန်းများဖြစ်ကြသည့် ZAD Office နှင့် Lin Innovative Networks Studio တို့မှ တာဝန်ယူပုံစံဆွဲကာ တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှုကို အကောင်းဆုံးအထောက်အကူဖြစ်စေနိုင်မည့် ခေတ်မီကျောင်းပရဝုဏ် တစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါသည်။ ထို့အပြင် ပါရမီတက္ကသိုလ်၏ ကိုယ်ပိုင်လိုဂို အမှတ်အသား၊ အမှတ်တံဆိပ်နှင့် ချိပ်တံဆိပ်များကိုလည်း နယူးယောက်အခြေစိုက် နာမည်ကျော်ဒီဇိုင်းစတူဒီယို တစ်ခုဖြစ်သည့် Studio Loutsis မှ ရေးဆွဲပေးထားပါသည်။ ၎င်းတို့ဖန်တီးရေးဆွဲပေးထားသော အမှတ်တံဆိပ်များသည် ကျောင်း၏ရည်ရွယ်ချက်၊ ရည်သန်ချက်များအား ထင်ဟင်ပေါ်လွင်စေပြီး နယ်ပယ်ပိုင်းခြားဆက်စပ်သော ပညာရေးအစီအစဉ်များမှတစ်ဆင့် သုတစုံလင် အနုဝိဇ္ဇာသိပ္ပံဘာသာရပ်များကို အကောင်းဆုံးသင်ကြားပို့ချပေးနိုင်ရေး၊ သုတေသနလုပ်ဆောင်နိုင်ရေးတို့အတွက် ပါရမီတက္ကသိုလ်၏ ကြိုးပမ်းမှုများကိုလည်း ပေါ်လွင်နေစေပါသည်။

မြန်မာ့ပညာရေးဆိုင်ရာပရောဂျက်တစ်ခုဖြစ်သည့် ပါရမီတက္ကသိုလ်ဖွင့်လှစ်ရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းကပင် စတင်ကြိုးပမ်းခဲ့ပြီး KBZ Bank, CityMart, Yadana Projects စသော အလှူရှင်ကြီးများနှင့် ပြည်ပဖောင်ဒေးရှင်းများ၊ အလှူရှင်များထံမှလည်း ပံ့ပိုးမှုကိုရရှိထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအဆင့်မြင့်ပညာရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပါရမီတက္ကသိုလ်သည် ပါရမီကောလိပ်၏ လုပ်ဆောင်ချက်များအတိုင်းပင် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပညာရေးမြှင့်တင်မှုကော်မတီတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top