ကျောင်းကားမောင်းဆရာကြီးရဲ့ ခရစ်စမတ်လက်ဆောင်

bus-driver-gifts-02-ht-jc-181227_hpMain_16x9_608.jpg

တက္ကဆက်ပြည်နယ်၊ ဒဲလ်လစ်မှာနေတဲ့ ကျောင်းဘတ်စ်ကားမောင်းသမား တစ်ယောက်ဟာ ဒီနှစ်အတွက် ဆန်တာကြီးပါပဲ။ ဒီ ကျောင်းကားမောင်းသမားရဲ့ စေတနာဟာ သူ့ကျောင်းကားပေါ်က ကျောင်းသားတွေကို ဘယ်လောက်ထိ ဂရုစိုက်လဲဆိုတာ ပြသနေပါတယ်။

ကာတစ် ဂျန်ကင်းစ် (Curtis Jenkins) ဟာ Lake Highlands ကျောင်းအတွက် ကျောင်းကားမောင်းပေးတာ ခုနှစ်နှစ်တောင် ရှိသွားပါပြီ။ ဒီနှစ်မှာတော့ ကျောင်းအားလပ်ရက်မှာ ကျောင်းကားစီးတဲ့ ကလေးတွေအတွက် အထူးအစီအစဉ် တစ်ခု လုပ်ပေးချင်ခဲ့ပါတယ်။ အစကတော့ ကလေးတွေအချင်းချင်း လက်ဆောင်လဲပေးဖို့ စီစဉ်ထားပေမဲ့ သူ့အမျိုးသမီးက တချို့ ကျောင်းသားမိဘတွေအနေနဲ့ လက်ဆောင်ဝယ်ပေးဖို့ ငွေမတတ်နိုင်လောက်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဒါကြောင့် လက်ဆောင်တွေ လဲလှယ်မဲ့ အစီအစဉ်အစား ကျောင်းသားအယောက် ၇၀ လုံးအတွက် လက်ဆောင်တွေ ဝယ်ပေးဖို့ ငွေစုခဲ့ပါတယ်။

ဒါကြောင့် သူ ဘတ်စ်ကားမောင်းပြီး ပို့ဆောင်ပေးရတဲ့ ကလေးတိုင်းကို ခရစ်စမတ်အတွက် ဘယ်လို လက်ဆောင်မျိုး ကြိုက်တတ်လဲဆိုတာ မေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဒီလို လက်ဆောင်ဝယ်ပေးမဲ့ အစီအစဉ်ကို သိကြတဲ့သူတွေရဲ့ အကူအညီ၊ သူ့ ကိုယ်ပိုင်ငွေတွေနဲ့အတူ ကလေး တစ်ယောက်ချင်းစီကို လက်ဆောင်တွေ ဝယ်ပေးခဲ့ပါတယ်။ ကလေးတွေဟာ ဒီဇင်ဘာ ၂၁ ရက်က ကျောင်းမှာ လက်ဆောင်တွေ ရရှိခဲ့တာဖြစ်ပါတယ်။

ဂျန်ကင်းစ်က ကလေးတွေ လိုချင်တဲ့ လက်ဆောင်တွေကို မေးမြန်းပြီး စာရင်းလုပ်ထားပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ဘုရားသခင်ကို ဆုမွန်ကောင်းတောင်းပေးဖို့နဲ့ ကလေးတွေ ပြုံးပျော်နေဖို့ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကဆိုရင် ဂျန်ကင်းစ်ကို ဆန်တာကလော့စ်လားလို့တောင် မေးခဲ့ပါသေးတယ်။

ဂျန်ကင်းစ်က ‘ဒီနေ့ခေတ်ကလေးတွေဟာ အကောင်းမြင်တတ်ဖို့လိုပါတယ် … ကျွန်တော်တို့အားလုံး သူတို့ကို အများကြီးချစ်ပေးရင် သူတို့လည်း ပြန်ချစ်တတ်မှာပါ’ လို့ဆိုပါတယ်။ ‘ကလေးတွေနဲ့ အတူရှိရတဲ့အချိန်ဟာ ခဏလေးပါပဲ… မနက်မိုးလင်းလို့ သူတို့ ကျောင်းမသွားခင် ကျွန်တော့်မျက်နှာကို အရင်မြင်တွေ့ရတယ်။ ကျွန်တော်တို့အားလုံး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တတ်ဖို့ လိုပါတယ်’ လို့ ဂျန်ကင်းစ်က ပြောပါတယ်။

Ref: www.abcnews.go.com ” School bus driver saves his money to buy a Christmas gift for every kid on his route ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top