ဆီးရီးယားစစ်ပွဲ အတွေ့အကြုံရှိတဲ့ ရုရှားဗိုလ်ချုပ်က ယူကရိန်းစစ်ပွဲကို ဦးဆောင်မယ်

war0.jpg

ဆီးရီးယားစစ်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံရင့် ဗိုလ်ချုပ်တစ်ယောက်ကို ဦးဆောင်စေပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားက တပ်တွေကို ပြန်လည်စုစည်းနေတယ်လို့ အနောက်အုပ်စုရဲ့ အရာရှိတစ်ယောက်က အတည်ပြုပါတယ်။ ယူကရိန်းကျူးကျော်စစ်ကို ရုရှားတောင်ပိုင်းတိုင်းစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် အလက်ဇန္ဒားဒီဗာနီကော့ဗ်က ဦးဆောင်မှာဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

အရင်က သီးခြားစီ စုစည်းကွပ်ကဲနေတဲ့ ရုရှားတပ်ဖွဲ့တွေကြား ညှိနှိုင်းဆောင်ရွက်မှု တိုးတက်လာစေဖို့ ရုရှားဘက်က ဦးဆောင်သူသစ် ရွေးချယ်လိုက်တာဖြစ်မယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတာ ၄၄ ရက် ကြာမြင့်လာပြီဖြစ်ပေမဲ့ ရည်မှန်းချက် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ကိဗ်မြို့လို အဓိကမြို့ကြီးတွေကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိဘဲ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ထိန်းချုပ်နိုင်ဖို့ပဲ အာရုံပြောင်းလဲခဲ့ရပါတယ်။ ရုရှားဟာ ဗျူဟာမြောက်တပ်ပေါင်းစု ၁၀၀ နီးပါးလောက်ကို စေလွှတ်ထားပေမဲ့ အင်အားနည်းပါးတဲ့ ယူကရိန်းတပ်ဖွဲ့တွေက ပါးပါးနပ်နပ် တုံ့ပြန်တိုက်ခိုက်ခဲ့လို့ အံ့အားသင့်စရာ အဖြစ်မျိုးကြုံနေရပြီး ထင်တိုင်းမပေါက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

” ရုရှားဘက်က နည်းဗျူဟာမပြောင်းဘူးဆိုရင် သူတို့ရဲ့ရည်မှန်းချက် အနည်းအကျဉ်းလေးတောင် အောင်မြင်ဖို့ အရမ်းခက်ခဲပါတယ်” လို့ အမည်မဖော်လိုတဲ့ အရာရှိက ဆိုပါတယ်။ ရုရှားဟာ စစ်ရေးရည်မှန်းချက် အောင်မြင်ဖို့ထက် နိုင်ငံရေးရည်မှန်းချက်ကို ဦးစားပေးအကောင်အထည်ဖော်ဖွယ်ရှိတာကြောင့် မေလ ၉ ရက်မှာ ကျရောက်မယ့် ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့မတိုင်ခင် ရည်မှန်းချက်တစ်ခုခု ပြည့်ဝဖို့ ကြိုးစားလာနိုင်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

Ref: BBC “Russia has replaced war commander, says Western official”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top