အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်မှု ရှုံးနိမ့်ခဲ့လို့ ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်း ရာထူးက ပြုတ်ကျ

vote.jpg

ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းဟာ အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်မှုမှာ ရှုံးနိမ့်ခဲ့လို့ ရာထူးကနေ ပြုတ်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ အတိုက်အခံပါတီတွေက အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းခဲ့တာဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုမလုပ်နိုင်အောင် အိုင်မရန်ခန်းက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ အိုင်မရန်ခန်းရဲ့လုပ်ရပ်က အခြေခံဥပဒေနဲ့မညီဘူးလို့ ပါကစ္စတန်နိုင်ငံ အထက်တရားရုံးချုပ်က ဆုံးဖြတ်ပြီး အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ လွှတ်တော်အမတ် ၃၄၂ ဦးရှိတဲ့အနက် အမတ် ၁၇၄ ဦးက အယုံအကြည်မရှိအဆိုကို ထောက်ခံခဲ့တာပါ။

အိုင်မရန်ခန်းဟာ အယုံအကြည်မရှိအဆိုနဲ့ မဲခွဲဆုံးဖြတ်ပြီး ဖြုတ်ချခံရတဲ့ ပထမဆုံး ပါကစ္စတန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ လာမယ့်တနင်္လာနေ့မှာ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ဖို့အတွက် ပါကစ္စတန်လွှတ်တော်အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရမယ့်သူဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ တာဝန်ယူရမှာပါ။ ဝန်ကြီးချုပ်ရာထူးအတွက် တင်သွင်းမှုတွေကို ဧပြီလ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဆာဒစ်ဇ်က ပြောပါတယ်။

ပါကစ္စတန်စစ်တပ်ရဲ့ ထောက်ခံအားပေးမှုနဲ့အတူ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အိုင်မရန်ခန်းဟာ လက်ရှိအချိန်မှာတော့ စစ်တပ်နဲ့ အစေးမကပ်တော့ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ အိုင်မရန်ခန်းကတော့ သူ့ကို ရာထူးကနေ ဖြုတ်ချဖို့ အမေရိကန်က နောက်ကွယ်ကနေ ကြိုးကိုင်နေတာလို့ အထောက်အထားမဲ့ စွပ်စွဲခဲ့ပြီး အတိုက်အခံအစိုးရအဖွဲ့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ရုရှား၊ တရုတ်အရေးတွေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့အတူ ရပ်တည်ဖို့ ငြင်းဆန်ခဲ့တာကြောင့် သူ့ကို ဖြုတ်ချဖို့ စီစဉ်ခဲ့ကြတာလို့ ပြောပါတယ်။

Ref: BBC “Imran Khan ousted as Pakistan’s PM after key vote”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top