ဆာလောင်မွတ်သိပ်နေတဲ့ကလေးတွေအတွက် နို့ရည်တွေစုဆောင်းပေးနေတဲ့ ကလေးမိခင်

2-12-2020-yyl-024.jpg

လိန်နင် ဖော်ဘီစ် (Leanne Forbes) ဆိုတဲ့ ကလေးမိခင်တစ်ဦးဟာ နို့ရည်မသောက်သုံးရလို့ ဆာလောင်နေကြရတဲ့ကလေးတွေအတွက် နို့ရည်တွေ စုဆောင်းပေးနေတာပါ။ အခုလိုကလေးတွေအတွက် နို့ရည်တွေ လိုက်လံစုဆောင်းပေးနေတဲ့အတွက် သူ့ကို “the breast milk milkman” လို့ နာမည်ပြောင်ပေးထားကြပါတယ်။

အသက် ၂၉ နှစ်အရွယ် လိန်နင် ဖော်ဘီစ်ဟာ သူ့ရဲ့အငယ်ဆုံးကလေးလေးကို နို့တိုက်ကျွေးစရာမလိုတော့တဲ့အချိန်ကတည်းက ကလေးတွေအတွက် နို့ရည်စုဆောင်းပေးတဲ့ နေရာတွေကနေတဆင့် သူ့ကိုယ်ပိုင် နို့ရည်လှူဒါန်းပေးနေတာ (၁၉၀) လီတာကျော်ရှိသွားခဲ့ပါပြီ။ သူဟာ နို့ရည်ဆာလောင်နေတဲ့ကလေးတွေအတွက် အခြားကလေးမိခင်တွေဆီက နို့ရည်တွေ စုဆောင်းဖို့ ဆက်လက်ကူညီပေးနေခဲ့တာပါ။ ဝန်ဆောင်မှုစနစ်အသုံးပြုနေတဲ့ သူတွေအတွက် နို့ရည်ပို့ဆောင်ပေးဖို့၊ နို့ရည်စုဆောင်းပေးဖို့လည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေခဲ့ပါတယ်။

အခုဆိုရင် နို့ရည်လှူဒါန်းပေးနေတဲ့ ကလေးမိခင်တွေဆီကနေ နို့ရည်တွေကို လိန်နင်က စုဆောင်းပြီး ကလေးတွေအတွက် နို့ရည်တွေ လိုက်လံပို့ဆောင်ပေးနေပါတယ်။ ကလေး (၄) ယောက်အမေဖြစ်တဲ့ လိန်နင်က “မိခင်နို့ရည်ကို ပို့ဆောင်ပေးနေသူဖြစ်တယ်လို့ လူတွေကို ပြောတဲ့အခါ ကျွန်မ ရူးနေတယ်လို့ လူတိုင်းက ထင်ကြပါတယ်။ လိပ်စာတစ်ခုတည်းကို ခဏခဏသွားရတဲ့အတွက် အမျိုးသမီးတော်တော်များများကို ကျွန်မသိနေပါပြီ။ ကျွန်မ အရင်ဆုံးနှုတ်ဆက်စကားပြောကာ နို့ရည်စုဆောင်းရပါတယ်။ မိခင်နို့ရည်ကို စုဆောင်း၊ လှူဒါန်းပေးရတဲ့ တကယ်ထူးခြားတဲ့အရာပါပဲ။ မိခင်နို့ရည်ကောင်းကောင်းမထွက်တဲ့ ကလေးမိခင်တွေရဲ့အခက်အခဲတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီခွင့်ရတဲ့အတွက်ကြောင့်မို့ပါ”လို့ လိန်နင်က ပြောပါတယ်။

လိန်နင်က မိခင်နို့ရည်စုဆောင်း၊ ပို့ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းအလုပ်ကို ဇူလိုင်လမှာ စလုပ်ဖြစ်ခဲ့ပြီးအခုဆိုရင် မိခင်နို့ရည်ကို လတ်လတ်ဆတ်ဆတ်ရဖို့အတွက် စုဆောင်းပို့ဆောင်တဲ့အချိန်ကို မကြာစေဖို့ ဂရုတစိုက်စီစဉ်နေပါတယ်။ ကလေးမိခင်တွေဆီက နို့ရည်စုဆောင်းတဲ့အခါ လိန်နင်က နို့ရည်လိုအပ်နေတဲ့ကလေးတွေဆီ မပို့ဆောင်ပေးခင်၊ Healthy Baby Hub ဆီ မယူဆောင်လာခင် ရေခဲဗူးထဲမှာ သိမ်းဆည်းထားပါတယ်။ အရင်က မိခင်နို့ရည်လှူဒါန်းတာကို ကြားတောင်မကြားဖူးဘူးလို့ လိန်နင်က ဆိုပါတယ်။

လိန်နင်ဟာ ပထမကလေး (၂) ဦးတုန်းက နို့တိုက်ရတာအခက်အခဲဖြစ်ခဲ့ပေမဲ့ နောက်ထပ်ကလေး (၂) ဦးမွေးဖွားပြီးတဲ့နောက်မှာ နို့ရည် လုံလုံလောက်လောက် တိုက်ကျွေးနိုင်တာကို သိရှိခဲ့ရပါတယ်။ နောက်ဆုံးကလေး (၂) ဦးကို နို့ရည် ကောင်းကောင်တိုက်ကျွေးနိုင်တဲ့အတွက် လိန်နင်ရဲ့ဝမ်းဆွဲဆရာမက နို့ရည် လှူဒါန်းဖို့ အကြံပေးခဲ့တာကြောင့် နို့ရည်လှူဒါန်းလို့ရမှန်းသိခဲ့ရတာပါ။ သူ့ရဲ့ကိုယ်ပိုင်နို့ရည်ကို အားလုံးပေါင်း လီတာ (၁၉၀) လှူဒါန်းနိုင်ခဲ့ပါတယ်။

လိန်နင်က သူ့ရဲ့နို့ရည်ကို လှူဒါန်းလို့မရတော့ပေမဲ့ ဆက်ပြီး ကူညီပေးချင်ခဲ့တာကြောင့် အခြားကလေးမိခင်တွေဆီကနေ နို့ရည်တွေ စုဆောင်းပြီး လိုအပ်နေတဲ့ကလေးမိခင်တွေရဲ့ကလေးတွေအတွက် ပို့ဆောင်ပေးနေခဲ့တာဖြစ်ပါတယ်။ လိန်နင်က သူ အခုလိုလုပ်နိုင်တာ အရမ်းကံကောင်းတယ်လို့ ဆိုပါတယ်။

Ref: Ladbible “Mum Nicknamed The ‘Breast Milk Milkman’ Collects Gallons Of Milk For Hungry Babies”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top