နွေရာသီမှာ စည်းမဲ့ကမ်းမဲ့ လွှင့်ပစ်ချင်တိုင်းလွှင့်ပစ်လိုက်တဲ့အမှိုက်သရိုက်တွေက မိုးတွင်းရောက်တဲ့အခါ ဒုက္ခလှလှကြီးပေးပါတယ်။ ရေမြောင်းတွေပိတ်ဆို့ပြီး ရေလျှံမှုတွေ ဖြစ်ပွားသလို မြစ်ရေစီးကြောင်းကနေတဆင့် ပင်လယ်သမုဒ္ဒရာထဲရောက်သွားပြီး ရေနေသတ္တဝါများစွာကို ဒုက္ခဖြစ်စေပါတယ်။
ပလတ်စတစ်တွေဆွေးမြေ့ဖို့ဆိုတာ နှစ်ရာနဲ့ချီကြာနိုင်တာမို့ ပင်လယ်ရေအောက်ထဲမြုပ်သွားရမယ့်အစား ရေပေါ်တက်လာပြီး လူသားတွေကို ပြန်လည်ဒုက္ခပေးတတ်ပါသေးတယ်။ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းစုလေးတွေမှာဆိုရင် ပလတ်စတစ်အမှိုက်စပေါင်း သန်း (၄၀၀)ကျော်တွေ့ရပြီး ဒီထဲမှာ သွားပွတ်တံ (၃၇၀၀၀၀) ကျော်နဲ့ ရှူးဖိနပ်တစ်သန်းကျော် ပါဝင်တယ်လို့ သိရပါတယ်။ ဝေလငါးတွေရဲ့ ဝမ်းဗိုက်ထဲမှာဆိုရင် ပလတ်စတစ်အစပေါင်းများစွာရှိပြီး အစားအစာကွင်းဆက်အနေနဲ့ တစ်ကောင်နဲ့တစ်ကောင်စားသုံးရင်းကလည်း ပလတ်စတစ်တွေ ဗိုက်ထဲရောက်သွားပါတယ်။
ရေနေသတ္တဝါတွေတင်မကဘဲ ကျွန်တော်တို့လူသားတွေကလည်း တစ်ပတ်ကို ပျှမ်းမျှ ပလတ်စတစ် (၅) ဂရမ် စားသုံးနေကြပါတယ်။ ကမ္ဘာ့သမုဒ္ဒရာထဲကိုရောက်လာတဲ့ ပလတ်စတစ်တွေရဲ့ (၉၀) ရာခိုင်နှုန်းက မြစ်ကြီး ဆယ်စင်းကနေ စီးဆင်းလာတယ်လို့ဆိုပါတယ်။ ဒီထဲက မြစ်ရှစ်စင်းက အာရှတိုက်ကဖြစ်ပြီး နှစ်စင်းကတော့ အာဖရိကက ဖြစ်ပါတယ်။ လူနေထူထပ်တဲ့ဒေသတွေကို ဖြတ်ပြီးစီးဆင်းလာရတဲ့အခါ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းမရှိတဲ့လူတွေကြောင့် အမှိုက်တွေကို မြစ်ထဲပဲ အကုန်စုပြုံသွန်ကြတာပါ။
၂၀၁၇ ခုနှစ်ရဲ့ စစ်တမ်းအရ အမေရိကန် အရှေ့ပိုင်းမှာဆိုရင် Hudson မြစ်က အဝတ်စအမျှင်ပေါင်း သန်း (၃၀၀) ကို အတ္တလန္တိတ်သမုဒ္ဒရာထဲသယ်လာတယ်လို့ သိရပါတယ်။ ပလတ်စတစ်တွေလျှော့ချနိုင်ဖို့နည်းလမ်းတွေကို အဖြေရှာဖို့လိုသလို ပင်လယ်သမုဒ္ဒရာထဲရောက်လာတဲ့ပလတ်စတစ်တွေကြောင့် ဖြစ်ရတဲ့ဆိုးကျိုးတွေကိုလည်း သတိပြုမိဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ရေမြောင်းတွေ ၊ နောက်ဖေးလမ်းကြားတွေမှာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေ နည်းသွားအောင် နောက်ဖေးလမ်းကြားအစီအစဉ်တွေဖန်တီးနေသလို စည်ပင်သာယာဝန်ထမ်းနဲ့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအသီးသီးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကို လျှော့ချပြီး ကုန်းနေရေနေသတ္တဝါတွေရဲ့ အသက်ကို ကယ်တင်ပေးဖို့တိုက်တွန်းလိုပါတယ်။
Ref: CNN “How rivers became the plastic highway into the oceans”
Alice May (ရိုးရာလေး)