ဒေဝဒတ်ကပေးသော ထိုက်တန်ခြင်းအတွေး

buddha-with-the-sunrise-PC2LC4L.jpg

(၁)’ဒီကောင်ကတော့ ဒေဝဒတ်ပဲ’။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဲဒီလို အသံကြားလိုက်တာနဲ့ အပြောခံရသူကို ဘယ်လိုရည်ညွှန်းတယ်ဆိုတာ အားလုံးသိကြပါ တယ်။ဒေဝဒတ်ဆိုတဲ့အသုံးအနှုန်းကို သာသနာဖျက်၊ အဖျက်သမား၊ လူ့ကန့်လန့် …စတဲ့ မလိုလားအပ်၊ မနှစ်မြို့အပ်တဲ့ အဓိပ္ပာယ်တွေနဲ့ မရိုးနိုင်အောင် သုံးစွဲခဲ့ကြတာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘုရား သက်တော်ထင်ရှားရှိစဉ်ကတည်းကနေ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၆ဝဝ ကျော်သည့်တိုင်အောင် မကောင်းသတင်း ကျော်ဇောမှုတွေနဲ့ ပြောမကုန်နိုင်အောင်ရှိခဲ့တဲ့ ရှင်ကြီးဒေဝဒတ် ဆိုတာ လောကမှာ ဘုန်းတန်ခိုးနဲ့ ဉာဏ်ပညာအရာ အသာလွန် အကြီးမားဆုံးဖြစ်တဲ့ ဘုရားရှင်ကိုယ်ပင်လျှင် ဖက်ပြိုင်အံတုပြီး ရန်ပြုတိုက်ခိုက်ခဲ့သူ မဟုတ်ပါလား။

ဗုဒ္ဓဘာသာနဲ့ မြန်မာလူမှုနယ်ပယ်မှာ ဒေဝဒတ်အကြောင်းကို အစဉ်အဆက် အားလုံးသိပြီး၊ ပြောပြီးဖြစ်ပေမယ့် ဒီစာစုမှာ ကျွန်တော် ပြောချင်တာကတော့ ‘ဒေဝဒတ်ကပေးတဲ့ ထိုက်တန် ခြင်းအတွေး’အကြောင်းပါ။ ဆရာကြီး ဦးရွှေအောင်ရဲ့ ‘ဓမ္မပဒ’ စာအုပ်၊ ‘ယမကဝဂ်’အပိုင်းပါ ‘ဒေဝဒတ်(ဒေဝဒတ္တ)’ဝတ္ထုကို ဖတ်ပြီးချိန်မှာ ကျွန်တော့်စိတ်ထဲ ရိပ်ကနဲတွေးမိလာတဲ့’ထိုက်တန်ခြင်း’ အကြောင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။

(၂)’ ထိုက်တန်ခြင်း’ဆိုတဲ့စကားကို လွယ်လွယ်ပြောကြပါစို့။

လောကမှာ ကိုယ်စားသလောက် ဝ၊ ကိုယ်လုပ်သလောက် ရပြီး ကိုယ်စိုက်တဲ့အပင်ရဲ့အသီး ကိုယ်စားသုံးခွင့်ရတယ်ဆိုရင် ဒါကို ထိုက်တန်မှုရှိတယ်လို့ ပြောရမှာပါ။ လူတစ်ယောက်ဟာ အောင်မြင်မှု၊ ဆုလာဘ်နဲ့ အသိအမှတ်ပြုမှုတစ်ခုခု ရဖို့ဆိုရင် အဲဒီဆုနဲ့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှုတစ်ခုခု ရှိရပါတယ်။ တရားမျှတမှုလမ်းစဉ်၊ မှန်ကန်တဲ့အမြင် ရှိသူတွေဟာ ကိုယ်နဲ့တန်တဲ့နေရာ၊ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုးကို ကြည်ဖြူရွှင်သာ လက်ခံနိုင်ကြပါတယ်။ ဒါပေမဲ့ လိုချင်လောဘနဲ့ အတ္တ၊ မာနကြီးလွန်းသူများအဖို့ရာမှာတော့ သူတို့လိုချင်၊ ဖြစ်ချင်တဲ့ ရမ္မက်ဆန္ဒကလွဲရင် တခြားတစ်ဘက်က ထိုက်တန်ခြင်း/မထိုက်တန်ခြင်းဆိုတာကို မတွေးတတ်ပါဘူး။

ကိုယ့်ဘက်က လိုအပ်တဲ့ ကျင့်ကြံအားထုတ်မှု၊ စွန့်လွှတ်အ နစ်နာခံမှု၊ ရင်းနှီးပေးဆပ်မှုမရှိဘဲ ကိုယ်နဲ့မထိုက်တန်တဲ့ ဘုန်းတန် ခိုး အရှိန်အဝါ၊ ကျော်ဇောမှုတွေ လိုချင်မိတာကြောင့် တစ်သံသ ရာလုံး မှောက်ခဲ့ရသူကိုပြပါဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အရှင်ဒေဝဒတ်ပဲ ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ ကိုယ်နဲ့မထိုက်တန်တဲ့အရာကို လိုချင်မိတဲ့ ရှင်ဒေဝဒတ်ရဲ့အဖြစ်ဟာ အရှင်သာရိပုတ္တရာကို ပိုပြီးလှူထိုက်တဲ့ သင်္ကန်းကို မတန်မရာ အလှူခံ ရယူခဲ့တာက စပါတယ်။

(၃) ဇာတ်လမ်းအကျဉ်း ပြန်ကောက်ရရင် ရှင်သာရိပုတ္တရာဟာ သာဝတ္ထိပြည်ကနေ ရာဇဂြိုလ်ပြည်ကို ကြွပြီး ‘ဒါနနှင့်စပ်သော ပုဂ္ဂိုလ်လေးမျိုး’တရား ဟောကြားပါတယ်။ ရှင်သာရိပုတ္တရာရဲ့ တရားတော်ကို နာကြားပြီးတဲ့နောက် ပညာရှိယောကျ်ားတစ်ဦးက ရဟန်းသံဃာပေါင်း တစ်ထောင်ကို ဆွမ်းဒါနပြုဖို့ စီမံပြီး ရာဇ ဂြိုလ်ပြည်ထဲ လှည့်လည်နှိုးဆော်ပါတယ်။ အဲဒီအချိန်မှာ သူကြွယ် တစ်ယောက်က အဖိုးတစ်သိန်းတန်တဲ့ သင်္ကန်းလျာ ပုဆိုးကို ထည့်ဝင်လှူဒါန်းတယ်။

သူကြွယ်လှူဒါန်းလိုက်တဲ့ သင်္ကန်းအတွက် အလှူခံပုဂ္ဂိုလ် ရွေးချယ်တဲ့နေရာမှာ ပရိသတ်အတွင်း သဘောထားနှစ်မျိုးကွဲ လာပါတယ်။ တစ်ဖွဲ့က ရှင်သာရိပုတ္တရာရဲ့ သီလဂုဏ်၊ သမာဓိ ဂုဏ်ပညာဂုဏ်တို့ကို အကြောင်းပြုပြီး ရှင်သာရိပုတ္တရာကို သင်္ကန်း လှူလိုတယ်။ တစ်ဖွဲ့ကတော့ ခင်မင်၊ ရင်းနှီးမှုကို အကြောင်းပြုပြီး ဒေဝဒတ်ကို လှူဒါန်းလိုတယ်။ နောက်ဆုံးမှာ ရာဇဂြိုလ်ပြည် သားအများစုရဲ့ ပုဂ္ဂိုလ်ရေးဘက်လိုက် ရွေးချယ်မှုအရ ရာဇဂြိုလ် ပြည်မှာ သီတင်းသုံးတဲ့ ဒေဝဒတ်ကပဲ အဖိုးတစ်သိန်းထိုက် တန်တဲ့သင်္ကန်းကို အလှူခံခွင့်ရရှိသွားပါတော့တယ်။

လကျ်ာတော်ရံဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်ဒေဝဒတ်တို့ရဲ့ ဂုဏ်အရည်အချင်းကို နှိုင်းယှဉ်ကြည့်ရင် ရှင်သာရိပုတ္တရာဆိုတာ ဘုရားရှင်ကလွဲပြီးရင် ပညာဉာဏ်အကြီးမားဆုံးဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာ အစစအရာရာမှာ ဒေဝဒတ်ထက် သာလွန် နေတာကြောင့် သာသနာဘက်ကကြည့်ရင် သင်္ကန်းကို ရှင်သာရိ ပုတ္တရာပဲ အလှူခံထိုက်တာပါ။ ဒါပေမဲ့ သာသနာတော်ရဲ့မျက်နှာ ကိုလည်း မကြည့်၊ ကိုယ်နဲ့ထိုက်တန်၏/ မထိုက်တန်၏ဆိုတာ လည်း ထည့်မတွက်မိတဲ့ ဒေဝဒတ်ကတော့ အဖိုးတစ်သိန်းတန်တဲ့ သင်္ကန်းကို ဝမ်းသာအားရ အလှူခံလိုက်ပါတော့တယ်။

တရားမသိ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပဲ ရှိတဲ့ လူတွေရဲ့ မဲပေးမှု ကြောင့် အဖိုးတစ်သိန်းတန်သင်္ကန်းကို ဒေဝဒတ်ရလိုက်ပေမယ့် အဲဒီသင်္ကန်းကို ဂုဏ်ယူတကြီးနဲ့ ဝတ်၊ ဟိုဟိုဒီဒီ လှည့်လည်သွား လာချိန်မှာတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေကို ရှင်ဒေဝဒတ် ခံလာရပါတော့တယ်။ ‘ဒေဝဒတ်ဆိုတာ ကိုယ်နဲ့ မတန်မရာကို လိုချင်သူ’ဆိုတဲ့ ကဲ့ရဲ့မှုတွေ ကြားလာရတာပါ။ ဒီလိုနဲ့ ဓမ္မနဲ့တဖြေးဖြေးဝေး၊ သာသနာတော်နဲ့ တဖြေးဖြေး ဝေးလိုက်လာတဲ့ ရှင်ဒေဝဒတ်ဟာ နောက်ဆုံး ဘုရားရှင်ကိုပါ ရန်သူအမှတ်နဲ့ ပုန်ကန်သတ်ဖြတ်ဖို့အထိ စိတ်မိုက်စိတ်ကြမ်းတွေ ဝင်လာရတာပဲဖြစ်ပါတယ်။

(၄)ယသော်ဓရာရဲ့မောင်ဖြစ်သူ ရှင်ဒေဝဒတ်ရဲ့ဖြစ်တည်မှုကို ကြည့်ရင် သူဟာ သာကီဝင်မင်းမျိုးမင်းနွယ်ဖြစ်သလို ဘဒ္ဒိယ၊ အနုရုဒ္ဓ၊ အာနန္ဒာအစရှိတဲ့ အခြားသောသာကီဝင်မင်းသားတွေနဲ့ အတူ ဘုရားရှင်ထံတော်မှာ ဦးဦးဖျားဖျား ရဟန်းပြုလာခဲ့သူပါ။ လောကီဈာန် အဘိညာဉ်ကိုလည်း ရထားသူဖြစ်တာကြောင့် သူ့အတိတ်ကံနဲ့ ဘုန်းတန်ခိုးဟာ ခပ်ညံ့ညံ့ထဲမှာ မပါခဲ့ပါဘူး။ တကယ်တမ်း ဒေဝဒတ်ရဲ့ဘဝကို အောက်ပြုတ်ကျအောင် ဆွဲချ လိုက်တာက သူ့ရဲ့မတော်လောဘ၊ မာန်မာနတွေကြောင့်ပဲ ဖြစ်ပါတယ်။

အထက်မှာပြောခဲ့သလို ဒေဝဒတ်ဟာ လောဘကြီးတယ်၊ မာန်မာနကြီးတယ်။ သူနဲ့ ရင်ဆိုင်ယှဉ်ပြိုင်လာသူတိုင်းကို အနိုင်ရမှ ကျေနပ်တယ်။ သူ့မှာ တရားနည်းလမ်း မကျတဲ့ စိတ် ဓာတ်ခံယူချက်တွေရှိနေတော့ အဖိုးတစ်သိန်းတန် သင်္ကန်းဝတ် ချိန်မှာ ကဲ့ရဲ့ခံရသလိုမျိုး သူတော်ကောင်းရပ်ဝန်းက နှာခေါင်းရှုံ့ မှုကို ခံလာရတယ်။ နဂိုကတည်းက အတ္တစွဲကြီးမားသူပီပီ ကိုယ့် အမှားကို မြင်လည်း မမြင်၊ ပြင်လည်း မပြင်။ ဒီလိုနဲ့ပဲ ရှင်ကြီး ဒေဝဒတ်ရဲ့ဘဝဟာ အမှန်တရားနဲ့ဝေးသထက် ဝေးပြီး အမှောင် ကမ္ဘာထဲ နစ်သနစ် နစ်လာခဲ့ရတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဘုရားရှင်ကို ကျော်ပြီး သူကိုယ်တိုင် ဘုရားလုပ်မယ်ဆိုတဲ့ ဒေဝဒတ်ရဲ့ အကြမ်းစားစိတ်ကူးယဉ်ဆန်မှု ပါပဲ။ မတန်မရာ စိတ်ရိုင်းဝင်မှုလို့လည်း ပြောနိုင်ပါတယ်။

(၅)
ဘုရားရှင်ကို အနားယူခိုင်းပြီး ရဟန်းသံဃာတော်အပေါင်းကို သူကိုယ်တိုင် ဦးဆောင်၊ သူကိုယ်တိုင် ဘုရားလုပ်ပါမယ့်အကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်တင်ဖူးတဲ့ ဒေဝဒတ်ဟာ နောက်ဆုံးမှာ ‘တံတွေးနှင့်တူသော ပစ္စည်းများကိုသုံးစွဲသော ယုတ်မာသော သင့်အား အဘယ်သို့လျှင် လွှဲအပ်နိုင်ပါမည်နည်း’ ဆိုတဲ့ ဘုရားရှင်ရဲ့မိန့်ကြားချက်ကြောင့် အရှက်ရခဲ့ရတယ်။အဲဒီလို အရှက်ရပြီးတဲ့နောက်မှာလည်း အတ္တမာန် ခက်ထန် လွန်းသူပီပီ ကိုယ့်အပြစ် ကိုယ်မမြင်ဘဲ ဘုရားရှင်ကို ရန်ငြိုးဖွဲ့ပြီး သတ်ဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားလာပါတယ်။

ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ ကျောက်တုံးလှိမ့်ချပြီး သုံးလောက ထွတ်ထား မြတ်ဘုရားကိုမှ သတ်ဖို့အထိ ကြံစည်ခဲ့တဲ့ ဒေဝဒတ်၊ မြတ်စွာဘုရားရဲ့ ခြေတော်ကို သွေးစိမ်းတည်အောင် လုပ်ခဲ့တဲ့ ဒေဝဒတ်၊ ဘုရားရှင်ကို သတ်ဖြတ်ဖို့အရေး လေးသမားတွေကို ခိုင်းစေခဲ့တဲ့ဒေဝဒတ်၊ နာဠာဂီရိဆင်ကို အရက် ၁၆ အိုးတိုက်ပြီး ဘုရားကိုသတ်ဖို့ အားထုတ်ခဲ့တဲ့ဒေဝဒတ်ရဲ့ အဓိကပန်းတိုင်က သူဘုရားဖြစ်ဖို့ပါ။ ဒါပေမဲ့ ရှင်ဒေဝဒတ် မဆင်ခြင်မိလိုက်တာက လောကမှာ တချို့သောအရာတွေဟာ ကိုယ်နဲ့မထိုက်တန်ဘူးဆိုရင် ဘယ် လောက်ပဲ ငိုကြီးချက်မနဲ့ လိုချင်လှပါတယ်ပြောပြော မရနိုင်သလို တကယ်လို့ ထိုက်တန်လာပြီဆိုရင်လည်း ကိုယ်မလိုချင်ဘဲ ရလာ တတ်တယ်ဆိုတဲ့ အမှန်တရားတစ်ခုကိုပါ။

ဗုဒ္ဓမြတ်စွာဟာ ဘဝ ဘဝပေါင်းများစွာ ပေးဆပ်မှုအဖုံဖုံ၊ ပါရမီတော် အမျိုးမျိုးဖြည့်ကျင့်ပြီးမှ ပူဇော်အထူးကို ခံယူတော်မူ ထိုက်တဲ့ ဘုရားရှင်ဖြစ်တော်မူခဲ့တာပါ။ ဗုဒ္ဓဘုရားရှင်အဖြစ်ကို ရောက်တော်မူပြီးတဲ့နောက်မှာလည်း ‘ငါ့ကို ကိုးကွယ်ကြ၊ ဆည်း ကပ်ကြ’ဆိုပြီး ဘယ်သူ့ကိုမှ အတင်းအကျပ် စည်းရုံးသိမ်းသွင်း ခဲ့တာမျိုး မရှိပါဘူး။ ကိုယ်တော်တိုင် ကျင့်ကြံသိရှိခဲ့တဲ့ တရား ဓမ္မတွေနဲ့ ဝေနေယျ သတ္တဝါတွေကို နည်းကောင်းလမ်းပြ လုပ်ပေးရင်း လူသားကောင်းကျိုး၊ လောကကောင်းကျိုး ဖော် ဆောင်ပေးနိုင်ခဲ့လို့သာ ‘အတုမရှိ ဗုဒ္ဓမြတ်စွာ’ဆိုပြီး လူနတ်ဗြဟ္မာတွေက ဆည်းကပ်ကိုးကွယ်လာကြတာပါ။

ဒေဝဒတ်ဆိုတာကတော့ လောကလူသားတွေအတွက် ဘာ ပေးဆပ်ခြင်းမှ မရှိ၊ ပစ္စည်းလာဘ်လာဘနဲ့ပတ်သက်လာရင်လည်း သင်္ကန်းတစ်ထည်၊ တစ်စုံအတွက်နဲ့တောင် အတ္တရမ္မက်ကို မပယ်သတ်နိုင်သူဖြစ်နေတာကြောင့် ဘာပေးဆပ် ရင်းနှီးမှုမှ မရှိ၊ ကျင့်ကြံအားထုတ်မှုမှ မရှိဘဲ ဘုရားဖြစ်ချင်တဲ့ သူ့စိတ်ကူးဟာ တကယ့်ကို ရူးမိုက်ရာကျလွန်းပါတယ်။ ‘ဘုရားကို သတ်ရင် ဘုရားဖြစ်နိုင်တယ်’လို့ ထင်ခဲ့တဲ့ ရှင် ဒေဝဒတ်နဲ့ပတ်သက်ပြီး ထပ်စဉ်းစားဖြစ်တာတစ်ခု ရှိပါသေးတယ်။ အဲဒါက လောကမှာ ကိုယ်နဲ့မထိုက်တန်တာကို မရမက လိုချင် သူတွေဟာ တရားသောယှဉ်ပြိုင်မှုကိုလည်း မကျင့်သုံးတတ် ကြဘူး ဆိုတာပါပဲ။

(၆)
ရှင်ကြီးဒေဝဒတ်ဟာ သံသရာတစ်လျှောက်လုံးလိုလို ဘုရားရှင်ကို ရင်ဆိုင် ယှဉ်ပြိုင်ခဲ့သူပါ။ ယှဉ်ပြိုင်ခြင်း သဘောသဘာဝအရ အနိုင်ရချင်တာလည်း အပြစ်တစ်ခုလို့ မဆိုနိုင်သေးပါဘူး။ ဘုရားရှင်ကို အနိုင်ရဖို့ တရားမျှတတဲ့ ယှဉ်ပြိုင်ခြင်းနည်းလမ်းတွေ မသုံးခဲ့ဘဲ မကြံကောင်း မစည်ရာ ဆိုးညစ်ယုတ်မာမှုတွေ ကြောင့်သာ အပြစ်တွေဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒီလို မသမာတဲ့နည်းလမ်းတွေသုံးပြီး ဗုဒ္ဓမြတ်စွာကို သတ်ပစ်ဖို့အထိ ဒေဝဒတ်ဘက်က မိုက်မဲခဲ့တယ်ဆိုတာကလည်း ကိုယ်နဲ့ထိုက်တန်မှုမရှိတဲ့ အရာကို လိုချင်မိတဲ့ မတော်လောဘကြောင့်ဖြစ်တယ်လို့ပဲ ပြော ရမှာပါ။

ကျွန်တော်တို့ ကျင်လည်နေရာ လူမှုပတ်ဝန်းကျင်မှာလည်း ကိုယ်နဲ့မထိုက်တန်တဲ့ ရာထူး၊ နေရာတစ်ခုခုရဖို့အရေး တပည့်မွေး၊ ဆရာမွေးနဲ့ အမျိုးမျိုး အကောက်ကြံ ဉာဏ်ထုတ်နေရသူတွေကို တွေ့နိုင်ပါတယ်။ တချို့လည်း ကြိုးစားအားထုတ်မှု၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘာရင်းနှီးပေးဆပ်မှုမှ မပြုချင်ဘဲ ကိုယ်နဲ့မတန်တာတွေ လိုချင်ရချင်မိတာကြောင့် လုပ်မိလုပ်ရာ တွေလုပ်ရင်း လမ်းမှားပေါ်ရောက်သွားကြတာတွေ ဒုနဲ့ဒေးပါ။

မကြိုးစားဘဲ ဘုရားဖြစ်ချင်သူကို ဒေဝဒတ်လိုလူလို့ ဆိုနိုင်သလို ကိုယ်မစားဘဲ ဝချင်ပြီး ကိုယ်မလုပ်ဘဲ ရချင်နေပြီဆိုရင်၊ တစ်နည်းအားဖြင့် ကိုယ်နဲ့ မထိုက်တန်တာကို လိုချင်နေပြီဆိုရင်လည်း အဲဒီလူကို ဒေဝဒတ်ဉာဉ် ပါလာသူလို့ပဲ ပြောရလေမလား။

ထိုက်တန်ခြင်းအကြောင်းတရားနဲ့ပတ်သက်ပြီး ‘အမှန်အားဖြင့် လောက၌ မိမိနှင့်ထိုက်တန်သည်ကိုသာ ယူပါမှ မိမိအတွက် အကျိုး ပွားစီး၏။ မိမိနှင့် မထိုက်တန်သည်ကို ယူမိပါက မိမိအတွက် အန္တရာယ်ဖြစ်၏။ သို့ရာတွင် ထိုက်တန်သည်၊ မထိုက်တန်သည်ကို ခွဲခြားသိဖို့ လို၏’လို့ ဆရာကြီးဦးရွှေအောင်က
သတိပေးလမ်းညွှန်စကား ပြောကြားထားကြောင်းပါ။

မိုးအောင်လင်းနိုင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top