တစ်ဘဝလုံး ဦးနှောက်တစ်ခြမ်းတည်းနဲ့နေထိုင်နိုင်ခဲ့တဲ့ ရုရှားက ဖိုးကံကောင်း

67649269_2408585442693281_5248478137683017728_n2.jpg

မွေးကတည်းက ဦးနှောက်တစ်ခြမ်းတည်းနဲ့အသက်ရှင်နေထိုင်နိုင်မယ်လို့ထင်ပါသလား။ လူတစ်ယောက်ကတော့ ဖြစ်နိုင်တယ်ဆိုတာကို ပြသွားခဲ့ပါပြီ။ ရုရှားကအမည်မဖော်လိုတဲ့ ပင်စင်စားတစ်ဦးက အသက် (၆၀) ရောက်မှ သူ့ဘဝတစ်လျှောက်လုံး ဦးနှောက်တစ်ခြမ်းတည်းနဲ့နေထိုင်နေခဲ့ရတယ်ဆိုတာ သိရှိသွားခဲ့တာပါ။

လေဖြန်းချင်သလိုဖြစ်လို့ မော်စကိုဆေးရုံကိုရောက်လာတဲ့အချိန် CT Scan ရိုက်လိုက်တော့မှ ဒီအမျိုးသားမှာ ဘယ်ဘက်ဦးနှောက်တစ်ခြမ်းမရှိတာကို အံသြဖွယ်တွေ့ရှိခဲ့ရပါတယ်။ ဒီလိုမျိုး ဦးနှောက်အစိတ်အပိုင်းအပြည့် မပါခဲ့ရင် မွေးကင်းစအရွယ်လောက်ထဲက မသန်မစွမ်းဖြစ်ခြင်းနဲ့အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပေမဲ့ အခုဒီအမျိုးသားလိုမျိုး ရောဂါလက္ခဏာမပြပဲ ဦးနှောက်တစ်ခြမ်းလုံးမရှိတာကတော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါပဲ။

အဆိုပါအမျိုးသားက စစ်မှုမထမ်းမနေရစနစ်ကြောင့် ရုရှားစစ်တပ်မှာစစ်မှုထမ်းဖူးတဲ့အပြင် အင်ဂျင်နီယာအဖြစ် ပင်စင်ယူတဲ့အထိအလုပ်လုပ်ခဲ့တာပါ။ တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သလို ကျန်းမာရေးပြဿနာလည်း မရှိခဲ့ဖူးတဲ့အပြင် ကျန်းမာတဲ့ကလေးနှစ်ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။

အခုလိုမျိုး ဦးနှောက်တစ်ခြမ်းမရှိတာက မိခင်ဝမ်းထဲ သန္ဓေသားဘဝထဲက ဖြစ်ခဲ့တာလို့ယူဆရပြီးတော့ ၁၉၅၀ ဝန်းကျင်တစ်ဝိုက်မှာသာ အာထရာဆောင်းရိုက်လို့ရပြီးကြိုသိခဲ့မယ်ဆိုရင် ဆရာဝန်တွေက ဒီကိုယ်ဝန်ကိုဖျက်ချဖို့ အကြုံပြုခဲ့လောက်မှာဖြစ်ပါတယ်။

အဆိုပါအမျိုးသားကို တာဝန်ယူကုသပေးခဲ့တဲ့ ဦးနှောက်နဲ့အာရုံကြောပါရဂူတစ်ဦးဖြစ်တဲ့ ဒေါက်တာမာရီနာ (Marina Anikina) ရဲ့ပြောကြားချက်အရတော့ “ဒီအမျိုးသားဟာ လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာတွေ ပြနေခဲ့လို့ မော်စကိုတောင်ဘက်မှာ ဆေးရုံတင်ခဲ့ရတာပါ။ ဒီလူနာက လက်တစ်ဘက်နဲ့ခြေထောက်တစ်ဘက်ကို လှုပ်ဖို့ပြဿနာရှိနေခဲ့တယ်။ အဲဒီအတွက် ဦးနှောက်ကို CT Scan ရိုက်လိုက်တဲ့အချိန်မှ ဦးနှောက်ဘယ်ဘက်ခြမ်း ကြီးတစ်ခုလုံးမရှိတာကိုတွေ့လိုက်ရတာပါ။ လေဖြန်းလို့ထိခိုက်သွားရမယ့်နေရာဖြစ်တဲ့ အစိတ်အပိုင်းဟာ အစထဲကရှိမနေခဲ့ပါဘူး” လို့ဆိုပါတယ်။

အထူးကုတွေရဲ့ခန့်မှန်းချက်အရတော့ အဆိုပါလူနာရဲ့ဘဝတစ်လျှောက်လုံး ဦးနှောက်ညာဘက်ခြမ်းကပဲ နှစ်ဘက်လုံးစာတာဝန်ယူလုပ်နေခဲ့ရတာဖြစ်မယ်လို့ သိခဲ့ရပါတယ်။

ဦးနှောက်တစ်ခြမ်းထဲနဲ့နေလို့ရလားလို့မေးရင် ရောဂါတစ်ခုခုကြောင့် ဦးနှောက်တစ်ခြမ်းကို ခွဲစိတ်ဖြတ်ထုတ်လိုက်ပေမဲ့ ကောင်းကောင်းမွန်မွန် ဆက်လက်အသက်ရှင်သွားနိုင်ခဲ့တဲ့လူနာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီးတဲ့အခါ ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာပါ အဆင်ပြေပြေ ဆက်လက်ရှင်သန်နိုင်ဖို့ကတော့ လူနာရဲ့အသက်အရွယ်အပိုင်းအခြားအပြင် လူနာဦးနှောက်ရဲ့ပျော့ပျောင်းနိုင်မှုနဲ့လည်းသက်ဆိုင်ပါတယ်။

မော်စကိုလူနာလိုမျိုး သန္ဓေသားဘဝထဲက ဒီလိုဦးနှောက်တစ်ခြမ်းမျိုးပါမလာခဲ့ရင် အဆိုပါကိုယ်ဝန်မျိုးဟာ ပျက်ကျသွားတာများလို့ အခုလိုမျိုး အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ရုံမက တစ်ဘဝလုံး စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်စုံတစ်ခုမရှိပဲ အသက်ရှင်နေထိုင်နိုင်ခဲ့မှုဟာ အလွန်ကို ဖြစ်တောင့်ဖြစ်ခဲ ကံကောင်းလွန်းတဲ့ အခြေအနေတစ်ခုဖြစ်နေပါတယ်။

Ref: Doctors are stunned to discover that 60-year-old ex-soldier has lived all his with only Half a brain
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top