အမ်ဘာပေနဲ့ ရက်ရှ်ဖို့ဒ်က အရည်အချင်း တန်းတူပဲလို့ ဆာဟာ ပြော

24-6-2020-yyl-058.jpg

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ အရည်အချင်း တန်းတူပဲလို့ မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက သုံးသပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားရာမှာ ၁၉ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးနိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ကျောဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့လို့ အနားယူခဲ့ရပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ရာသီကို ပြန်လည်စတင်ချိန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကတော့ လီဂူး-၁ ပွဲစဉ် (၂၀)ကစားရာမှာ (၁၈)ဂိုး သွင်းယူထားပါတယ်။ ဆုဖလားရရှိမှုချင်း နှိုင်းယှဉ်ရင် အမ်ဘာပေက ရက်ရှ်ဖို့ဒ်ထက် ၂ ဆ ပိုများပေမဲ့ တစ်ဦးချင်း အရည်အသွေးကတော့ အတူတူပဲလို့ ပြင်သစ်တိုက်စစ်မှူးဟောင်း ဆာဟာက ပြောပါတယ်။

” ခြေစွမ်းချင်းယှဉ်ရင်တော့ အတူတူပဲ။ သူတို့ ၂ ယောက်လုံးက အရမ်းမြန်တဲ့ ကစားသမားတွေပါ။ ခံစစ်မှူး ၂ ယောက်၊ ၃ ယောက် ကပ်ထားတဲ့ကြားကနေ ရုန်းထွက်နိုင်တဲ့ နည်းစနစ်ကျွမ်းကျင်မှုမျိုးရှိတယ်။ ကစားတဲ့နေရာချင်းလည်း တော်တော်ဆင်တယ်။ သူတို့က တောင်ပံမှာ ကစားရတာကြိုက်ပေမဲ့ တိုက်စစ်မြှားဦးမှာလည်း ကစားကြတယ်။ အမ်ဘာပေရဲ့ အားသာချက်ကတော့ ဘောလုံးရတာနဲ့ ဂိုးသွင်းဖို့ပဲ ဦးတည်လေ့ရှိတာပါ။ ရက်ရှ်ဖို့ဒ်မှာလည်း အဲဒီလို ပုံစံမျိုးမြင်ရတယ်။ အရည်အချင်းအရတော့ သူတို့နှစ်ယောက်က တန်းတူပါပဲ။ အမ်ဘာပေက ခြေစွမ်းပိုတည်ငြိမ်တယ်။ ပွဲကို ချဉ်းကပ်ရင်လည်း အတွေးမများဘူး”လို့ ဆာဟာက ပြောပါတယ်။ ဆာဟာဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ မန်ယူအသင်းမှာ ကစားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top