ဇန်နဝါရီ ၁၆ ရက်နေ့က အိန္ဒိယထိပ်တန်းမင်းသမီးချော ကရီနာကပူးရဲ့ခင်ပွန်းဖြစ်သူ မင်းသား ဆာအစ်ဖ် အလီခန်းဟာသူ့နေအိမ်ကို ဖောက်ထွင်းဖို့ကြိုးစားသူရဲ့ဓားနဲ့ အထိုးခံခဲ့ရပါတယ်။ သူဟာ ဖောက်ထွင်းသူနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဓားနဲ့ ၆ ခါ အထိုးခံခဲ့ပြီး ကျောရိုး၊ လည်ပင်း၊ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပါတယ်။ ခွဲစိတ်ကုသမှုအကြာကြီးခံယူခဲ့ရပြီး အသက်ဘေးမှလွတ်မြောက်ခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့ကျောရိုးကနေ ၂.၅ လက်မရှိတဲ့ ဓားအပိုင်းအစကို ဖယ်ထုတ်ခဲ့ရတယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ဆာအစ်ဖ်က Lilavati Hospital မှာ ဆေးကုသမှုခံယူနေပြီး ဘယ်အချိန် ဆေးရုံကဆင်းမယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ သတင်းထုတ်ပြန်ချက်တွေအရ ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဆေးရုံကဆင်းနိုင်ဖွယ်ရှိပြီး မွမ်ဘိုင်းရဲတွေက ဆာအစ်ဖ်ရဲ့ထွက်ဆိုချက်ကို မှတ်တမ်းတင်သွားမယ်လို့ သိရပါတယ်။
ဇနီးဖြစ်သူ မင်းသမီး ကရီနာရဲ့ထွက်ဆိုချက်ကိုတော့ ရဲတွေက ယူထားပြီးဖြစ်ပါတယ်။ ဖောက်ထွင်းသူက သူတို့ရဲ့အိမ်ကနေ ဘာမှတော့ခိုးယူမသွားပေမဲ့ အတော်လေးဒေါသတကြီးဖြစ်နေတယ်လို့ ကရီနာက ဆိုပါတယ်။
တရားခံကို တနင်္ဂနွေနေ့က ဖမ်းဆီးမိခဲ့ပါတယ်။ တရားခံက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ပြီး အိန္ဒိယကို တရားမဝင် ဝင်ရောက်လာတဲ့အတွက် သူ့နာမည်ကို Bijoy Das လို့ ပြောင်းထားကြောင်း မွမ်ဘိုင်းရဲတွေက ဆိုပါတယ်။ တရားခံက မဟာရာရှ်ထရာပြည်နယ်က Ricky’s Bar မှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေတာပါ။ တရားခံရဲ့နာမည်အရင်းက Mohd Shariful Islam Shehzad လို့သိရပြီး ခိုးယူဖို့ ရည်ရွယ်ချက်နဲ့ ဆာအစ်ဖ်ရဲ့အိမ်ရာထဲဝင်ရောက်ခဲ့တယ်လို့ ရဲတွေက ဆိုထားပါတယ်။
တရားခံကို Thane မြို့မှာ ဖမ်းဆီးမိခဲ့တာပါ။ သူ့ကို ဖမ်းမိတဲ့အချိန်မှာ သူ့ရဲ့မွေးရပ်မြေကို ထွက်ပြေးဖို့ ကြိုးစားနေခဲ့တယ်လို့ သိရပါတယ်။
Ref: Saif Ali Khan is likely to be discharged today, Mumbai police to record his statement
WL (ရိုးရာလေး)