IS ကို ထောက်ခံခဲ့တဲ့ ကျောင်းဆရာရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၄ ဦး သေဆုံး

23-2-2022-yyl15.jpg

အစ္စရေးနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘီယာရှီဘာမြို့ ဈေးဝယ်စင်တာအပြင်ဘက်မှာ လူ ၃ ဦး ဓားထိုးသတ်ခံခဲ့ရပြီး ကျန်တစ်ဦးကိုတော့ တိုက်ခိုက်ရေးသမားက ကားနဲ့တိုက်သတ်သွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနောက်မှာ ဘတ်စ်ကားယာဉ်မောင်းက တိုက်ခိုက်ရေးသမားကို အသေပစ်ခတ်နှိမ်နင်းခဲ့တာပါ။

တိုက်ခိုက်သူဟာ IS အဖွဲ့ကို အားပေးထောက်ခံလို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးတဲ့ အစ္စရေး-အာရပ်တစ်ဦးဖြစ်တယ်လို့ အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီက ပြောပါတယ်။ သူဟာ ဘီယာရှီဘာမြို့ အရှေ့ဘက် ၁၂ မိုင်အကွာက ဘီဒူအင်မျိုးနွယ်တွေ နေထိုင်တဲ့ ဟူရာမြို့က အထက်တန်းကျောင်းဆရာ အဘူအယ်ချီယန် ဖြစ်တယ်လို့ ဆိုပါတယ်။ အယ်ချီယန်ဟာ ဆီးရီးယားနိုင်ငံထံသွားပြီး IS အဖွဲ့ထံ ပူးပေါင်းဖို့ စီစဉ်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရသူပါ။ သူဟာ ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အယ်ချီယန်ဟာ ဓာတ်ဆီဆိုင်မှာ အမျိုးသမီးတစ်ယောက်ကို ဓားထိုးသတ်ခဲ့ပြီး ဈေးဝယ်စင်တာကို ကားမောင်းသွားခဲ့ပါတယ်။ ဈေးဝယ်စင်တာအရောက်မှာ စက်ဘီးသမားကို ကားနဲ့တိုက်သတ်ခဲ့ပြီး လမ်းတစ်ဖက်ခြမ်းက တခြားဈေးဝယ်စင်တာကို ဆက်သွားခဲ့ပါတယ်။ အဲဒီဈေးဝယ်စင်တာမှာ နောက်ထပ်လူတွေကို ဓားနဲ့ထိုးခဲ့တာပါ။ ရုပ်သံမှတ်တမ်းတွေအရ သူက ဓားအကြီးတစ်ချောင်းကို ကိုင်ထားပုံပေါ်ပါတယ်။ အယ်ချီယန်က ဘတ်စ်ကားယာဉ်မောင်းကို ဓားနဲ့တိုက်ခိုက်ဟန်ပြင်ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

ဒဏ်ရာရသူတွေထဲမှာ တချို့တွေက ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း အစ္စရေးနိုင်ငံမှာ လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်ကတော့ ဒီဖြစ်ရပ်ဟာ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဆိုပါတယ်။

Ref: BBC “Israel: Four killed in shopping centre attack”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top