စပိန်နိုင်ငံရဲ့ ကျောင်းတစ်ကျောင်းက ကျောင်းသားတွေကို အိမ်မှုကိစ္စ ဘယ်လိုလုပ်ရလဲဆိုတာကို သင်ကြားပေးနေ

24-9-2020-yyl-010.jpg

လူတိုင်းလူတိုင်းဟာ အိမ်မှုကိစ္စဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ သိထားသင့်ပါတယ်။ အခြားသူတွေနဲ့လည်း အိမ်အလုပ်တွေကို မျှဝေလုပ်ပေးသင့်ပါတယ်နော်။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့တချို့နေရာတွေမှာ အိမ်မှုကိစ္စဆိုတာက အမျိုးသမီးတွေသာ လုပ်ရမယ့်အရာလို့ မြင်နေကြတာပါ။

တချို့အမျိုးသားတွေဆို အဲဒီလိုမြင်နေတဲ့အတွက် လုပ်ဖို့လိုအပ်လာရင်တောင် မလုပ်ချင်ကြပါဘူး။ အဲဒီလိုဖြစ်နေတဲ့အတွက် စပိန်နိုင်ငံ၊ ဗီဂိုမြို့က Colegio Montecastelo ဆိုတဲ့ ကျောင်းတစ်ကျောင်းက ကျောင်းသားတွေကို သန့်ရှင်းရေးလုပ်တာ၊ ထမင်းဟင်းချက်တာ၊ မီးပူတိုက်တာအပါအဝင် ဘဝရဲ့အရေးကြီးတဲ့အိမ်မှုကိစ္စတွေကို သင်ပေးတဲ့ပရိုဂရမ်နဲ့အတူ ကျားမတန်းတူညီမျှဖို့ လုပ်ဆောင်ပေးနေပါတယ်။

ကျောင်းသားတွေကို ဒီလိုသင်ကြားပေးတာကို တချို့ကတော့ ထောက်ခံပေးကြပေမယ့် တချို့လူတွေကတော့ ဒီလိုအရည်အချင်းတွေက ကျောင်းမှာမဟုတ်ဘဲ အိမ်မှာပဲ သင်ကြားရတာလို့ ပြောဆိုတာတွေလည်း ရှိပါတယ်။ အဲဒီကျောင်းက ကျောင်းသားတွေက Home Economics ဆိုတဲ့ပရိုဂရမ်နဲ့ပတ်သက်တဲ့သင်ခန်းစာတွေကို သင်ယူကြရပါတယ်။ သင်ခန်းစာရဲ့ရည်ရွယ်ချက်ကတော့ ကျားမတန်းတူညီမျှဖို့နဲ့ ကောင်လေးတွေကို အိမ်မှာ ပိုပြီးအမှီအခိုကင်းဖို့၊ အခြားသူတွေကို အိမ်မှာ ကူလုပ်ပေးဖို့အတွက်ပါပဲ။

ကျောင်းသားတွေက သန့်ရှင်းရေးလုပ်တာ၊ မီးပူတိုက်တာတွေအပြင် ပန်းအလှဆင်တာကလည်း ကလေးတွေ သင်ယူကြရတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အချုပ်အလုပ်ပညာကလည်း အဲဒီပရိုဂရမ်ထဲမှာ ပါဝင်ပါသေးတယ်။ ကျောင်းသားတွေကို သင်ကြားပေးတဲ့ ဆရာတွေထဲမှာ ကျောင်းအုပ်ချုပ်ရေးက စေတနာ့ဝန်ထမ်းတွေလည်းပါဝင်တဲ့အပြင် တချို့ကျောင်းသားတွေရဲ့အဖေတွေကလည်း ကူညီပေးကြပါတယ်။

အိမ်မှုကိစ္စတွေကို တစ်ယောက်နဲ့တစ်ယောက် ကူညီမျှဝေလုပ်ပေးခြင်းရဲ့အရေးပါမှုနဲ့ပတ်သက်ပြီးတော့လည်း ဆက်ဆံရေးကျွမ်းကျင်ပညာရှင် ဒန် ဘာကွန် (Dan Bacon) ကလည်း ပြောကြားထားပါတယ်။ “အိမ်နားတစ်ဝိုက်မှာ အိမ်မှုကိစ္စတွေကို ကူလုပ်ပေးဖို့ ပြောရင် လုပ်လိုက်ပါ။ အခုလို ကိုဗစ်အချိန်အခါမျိုးမှာ နောက်ထပ်စိတ်ဖိစီးမှုတွေ သင့်ချစ်တဲ့သူတွေ မခံစားရဖို့အတွက် သင်ကြိုက်တဲ့နေရာကနေ လုပ်လိုက်ပါ။

အမျိုးသမီးတစ်ယောက်က သူ့ရဲ့အမျိုးသားက ခါတိုင်းထက်ပိုပြီး ကူညီပေးနေတယ်ဆိုတာကို သတိပြုမိတယ်ဆိုရင် သူ့ရဲ့အားထုတ်မှုကို ဒီအတိုင်းလက်ခံလိုက်မယ့်အစားချီးကျူးစကားဆိုပေးသင့်ပါတယ်။ Relationship တစ်ခုမှာ အပြန်အလှန်လေးစားမှု၊ ပံံ့ပိုးမှုပေးမယ်ဆိုရင် Relationship တစ်ခုကို ခိုင်မာလာစေပြီး ပိုပြီးပျော်ရွှင်ရမှာပါ။ ဒါကြောင့် အမျိုးသားတွေက အိမ်မှုကိစ္စလုပ်ပေးတဲ့အခါ မလုပ်ချင်လုပ်ချင်နဲ့ စိတ်ဆိုးထွက်တာတွေမလုပ်သင့်ပါဘူး။ သင့်ရဲ့လက်တွဲဖော်ကို အိမ်မှုကိစ္စတွေကူလုပ်ပေးပြီး လေးစားသမှုကို ပြသသင့်ပါတယ်”လို့ ဆိုပါတယ်။

Ref: Boredpanda “School In Spain Teaches Boys How To Do Chores, And People Have Mixed Reactions”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top