ပုပ္ပါးမျောက်မြီးရှည်ကို မျိုးစိတ်သစ်အဖြစ် FFI အတည်ပြု

12-11-2020-yyl-038.jpg

နှစ် ၁၀၀ သက်တမ်းရှိတဲ့ အသားစနမူနာအပါအဝင် လန်ဒန်၊ လေဒင်၊ နယူးယော့ခ်နဲ့ စင်ကာပူနိုင်ငံတွေမှာရှိတဲ့ သဘာဝသမိုင်းပြတိုက်တွေက အသားစနမူနာတွေကို ရယူပြီး မြန်မာနိုင်ငံအလယ်ပိုင်းက ပုပ္ပါးမျောက်မြီးရှည်ရဲ့ မျိုးဗီဇကို ခွဲခြမ်းလေ့လာချိန်မှာ မျိုးစိတ်သစ်အဖြစ် အတည်ပြုနိုင်ပါတယ်။ ပုပ္ပါးမီးတောင်သေကို အစွဲပြုပြီး ပုပ္ပါးမျောက်မြီးရှည်လို့ အမည်ပေးထားတဲ့ မျောက်မျိုးစိတ်ဟာ မျက်စိအောက်မှာ ပျောက်နေတဲ့ မျိုးစိတ်သစ်တစ်မျိုးဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ Fauna & Flora International (FFI) က ထုတ်ပြန်ခဲ့ပါတယ်။ ပုပ္ပါးတောင်ဟာ ပုပ္ပါးမျောက်မြီးရှည်တွေ အများဆုံးကျက်စားတဲ့ နေရာဖြစ်ပါတယ်။

ပုပ္ပါးမျောက်မြီးရှည်တွေဟာ ကျောမှာ အညိုရောင် (သို့) မီးခိုးရောင်ရှိပြီး ဝမ်းဗိုက်ကတော့ မီးခိုးရောင် (သို့) အဖြူရောင်ရှိပါတယ်။ ခြေတွေ၊ လက်တွေကတော့ အမည်းရောင်ရှိပါတယ်။ ပုပ္ပါးမျောက်မြီးရှည်တွေဟာ တစ်ချိန်တုန်းက မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဇုန် အနှံ့အပြားမှာ ကျက်စားခဲ့ဖူးတယ်လို့ သုတေသီတွေက ပြောပါတယ်။

ပုပ္ပါးတောင်နဲ့ ပဲခူးရိုးမ စတဲ့ နေရာ ၂ ခုမှာပဲ မျောက်မြီးရှည်တွေကို တွေ့ရတော့မယ်လို့ ထင်ခဲ့ကြပေမဲ့ မကြာသေးခင်က ကွင်းဆင်းစစ်ဆေးမှုအရ မျောက်မြီးရှည်တွေ ကျက်စားတဲ့ နောက်ထပ်နေရာ ၃ ခု ထပ်တွေ့ခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ လက်ရှိအချိန်မှာ ပုပ္ပါးမျောက်မြီးရှည် အကောင်ရေ ၂၀၀ ကနေ ၂၅၀ ကြားလောက်ပဲ ရှိတော့မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပြီး ပုပ္ပါးမျောက်မြီးရှည်တွေကို မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ် ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း FFI က ဦးဆောင်တဲ့ ပရိုင်းမိတ်လေ့လာရေး ပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ နှာခေါင်းလန်မျောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နှာခေါင်းလန်မျောက် အကောင်ရေ ၂၆၀ ကနေ ၃၃၀ လောက်ပဲ ရှိတော့ပေမဲ့ သိပ္ပံပညာရှင်တွေက ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နှာခေါင်းလန်မျောက်တွေရဲ့ အနာဂတ် စိတ်ချလုံခြုံအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အမဲလိုက်တာ၊ စားကျက်ဆုံးရှုံးတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လို့ သစ်တောပြုန်းတီးတာ၊ တရားမဝင်သစ်ခုတ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေကို လွှတ်ကျောင်းတာ စတဲ့ အချက်တွေက မျောက်တွေရဲ့ ဆက်လက်ရှင်သန်ရေးကို ခြိမ်းခြောက်နေတယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Photo – DPZ & AFP

Ref: ABC ” Scientists discover new monkey species in Myanmar”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top