အထက်တန်းကျောင်းပြီးပြီးချင်း (၁၁)ရက်အတွင်းမှာပဲ ဟားဗတ်စ် တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ကျောင်းသား

braxton-moral-ht-03-jpo-190530_hpMain_16x9_992.jpg

အမေရိကန်နိုင်ငံ၊ ကန်ဆက်စ်ပြည်နယ်၊ ယူလစ်ဆစ်အထက်ကျောင်း (Ulysses High School) မှာ မေလ (၁၉) ရက်နေ့က အထက်တန်း အောင်မြင်ခဲ့တဲ့ မိုရယ်လ် (Braxton Moral) ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ (၁၁) ရက်အတွင်း၊ မေလ (၃၀) ရက်နေ့မှာ Harvard Extension School (ဟားဗတ်စ် တက္ကသိုလ်ကြီးကို ဖြစ်ပေါ်လာစေရန် ဖွဲ့စည်းထားသော ကျောင်း (၁၂)ကျောင်းထဲမှ တစ်ကျောင်း) ကနေ ဘွဲ့ရရှိခဲ့ပါတယ်။

မိုရယ်က အသက် (၁၁)နှစ်သားထဲက အဲဒီကောလိပ်မှာ ပညာသင်ယူနေခဲ့တာ ဖြစ်ပါတယ်။ Harvard Extension School ဝင်ဖို့အတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက် မရှိပဲ အတန်းတွေကို စမ်းသပ် စစ်ဆေးမှုကာလမှာ ကျောင်းသားက အဆင်ပြေစွာ စာလိုက်နိုင်ခြင်း၊ စာမေးပွဲတွေ ဖြေဆိုနိုင်ခြင်း၊ ကျောင်းဝင်ခွင့်အတွက် ကျောင်းက တာဝန်ရှိသူတွေက မဲပေး ရွေးချယ်ခြင်းတို့နဲ့ ကျောင်းဝင်ခွင့်ပြုတယ်လို့ မိုရယ်လ်က ပြောကြားခဲ့ပါတယ်။

“ဒီပရိုဂရမ်ကနေပြီးတော့ ကျွန်တော် သိတာတွေ တိုးလာတယ်လို့ ခံစားရတယ်။ (ပညာရပ်) အသစ်အသစ်တွေကိုလည်း နားလည်စေသလို ကျွန်တော်ဘဝမှာ ဘာဖြစ်ချင်လဲဆိုတာလည်း သိလာတယ်။ ကျွန်တော်သင်ခဲ့ရတဲ့ အတန်းတွေက တချို့က အွန်လိုင်းသင်တန်းတွေ၊ တချို့အတန်းတွေကိုတော့ နွေရာသီကျောင်း(အထက်တန်းကျောင်း) ပိတ်ရက်မှာ တက်ခဲ့တာ … ပထမဆုံးစသင်ခဲ့တဲ့ အခန်းက Javascript ပရိုဂရမ်မင်းသင်တန်း။ အဲ့ဒါက တော်တော်ခက်တာ။ ကျွန်တော် အကြိုက်ဆုံးသင်တန်းကတော့ တရုတ်စာသင်တန်းရယ်၊ ဂရိ ဒဏ္ဍာရီအကြောင်း သင်ခဲ့ရတဲ့ အတန်းရယ်ပဲ” လို့ ပြောကြားခဲ့ပါတယ်။

အခုလို အထက်တန်းကျောင်းနဲ့ဘွဲ့ကို တစ်ပြိုင်တည်းလိုလို ရရှိခဲ့ပေမယ့် မိုရယ်က ဆယ်ကျော်သက်ပီပီ ဗွီဒိယိုဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်ရတာနဲ့ အားကစားလုပ်ရတာကို ဝါသနာပါပါတယ်လို့ ပြောပါတယ်။

မိုရယ်ရခဲ့တဲ့ဘွဲ့က ဝိဇ္ဇာဘွဲ့ (Bachelor of Liberal Arts) ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူက ကိုလံဘီယာတက္ကသိုလ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သော ဥပဒေဘွဲ့ကို တက်ရောက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ဂျူနီယာတွေအတွက် အကြံပေးစကားကိုတော့ “ကိုယ်ဖြစ်ချင်တာကို မျက်လုံးထဲ သေချာဖော်၊ ကိုယ်ဘာဖြစ်ချင်လဲဆိုတာတော့ အရင်သိအောင်လုပ်၊ အဲ့ဒါရဖို့အတွက် ဘယ်အဆင့်တွေကို လုပ်ရမယ်ဆိုတာပါ သိအောင်လုပ်ပါ” လို့ ပြောသွားခဲ့ပါတယ်။

Ref: abc news “17-year-old graduates Harvard 11 days after he graduated high school”
Elsa(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top