ကိုကာကိုလာ ဝက်သားနှပ်

6-7-2020-yyl-024.jpg

ကိုကာကိုလာရဲ့အသုံးဝင်ပုံတွေအကြောင်း ဆောင်းပါးတစ်ခုမှာ ဖော်ပြပြီးပြီဆိုတော့ ဒီတစ်ပတ်မှာ မေက အထူးအဆန်းဟင်းလေး ဖြစ်တဲ့ ကိုကာကိုလာ ဝက်သား နှပ်နည်း ပြောပြမယ်နော်။ ပုံမှန်ချက်နေကျ ဝက်သား၊ ကြက်သား ဟင်းကို ငြီးငွေ့နေတယ်ဆိုရင်တော့

ဒီလို အသစ်အဆန်းလေးချက်စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ – ဝက်သား (သုံးထပ်သား) ၅၀၀ ဂရမ် ၊ ကိုကာကိုလာ ၁ ဗူး၊ ပဲငံပြာရည် စားပွဲတင်ဇွန်း၂ ဇွန်း၊ ဂျင်း (ပါးပါးလှီး) လက်တစ်ဆစ်၊ ကြက်သွန်မြိတ် အနည်းငယ်၊ ကြက်သွန်ဖြူ ၆ မွှာ၊ ဆီ၊ ဆား၊ ငရုတ်ကောင်း တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုကြည့်ရအောင်

၁။ ဝက်သားကို ၁ လက်မခွဲ အရွယ် အတုံးလေးတွေ တုံးထားပါ။ ဒန်အိုးထဲမှာ ဆီကို မီးအပူရှိန်မြင့်မြင့်နဲ့ အပူပေးပြီး ဝက်သားတုံးတွေကို လေးဖက်လေးရံ ရွှေရောင်သန်းလာတဲ့အထိ ၈ မိနစ်လောက်ထည့် ချက်ပါ။

၂။ မီးအပူပေးတာ ခဏရပ်ပြီး ဝက်သားအိုးထဲကို ကိုကာကိုလာလောင်းထည့်ပါ။ မီးအပူရှိန်အနေတော်နဲ့ မိနစ် ၃၀ လောက် အဖုံးဖုံးထားပြီး ဆူအောင်ထားပါ။ ကြက်သွန်ဖြူ ၊ပဲငံပြာရည်၊ ဂျင်း၊ ကြက်သွန်မြိတ် ထည့်ပြီး ဝက်သား နူးတဲ့အထိ မိနစ် ၅၀ လောက် အဖုံးအုပ်ပြီးချက်ပါ။

၃။ ဟင်းအနှစ် ပျစ်ပျစ်လေးရစေဖို့ အဖုံးဖွင့်ပြီး ၁၀ မိနစ်လောက် ထပ်တည်ပါ။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး အရသာ အပေါ့အငံ မြည်းကြည့်နိုင်ပါတယ်။

၄။ ပန်းကန်လုံးထဲခပ်ထည့်ပြီး အပေါ်က ကြက်သွန်မြိတ်လေး ဖြူးလိုက်ရင်တော့ အရသာရှိပြီး ခံတွင်းတွေ့စေမယ့် ကိုကာကိုလာဝက်သားနှပ်တစ်ခွက်ရပါပြီ။

ထမင်းနဲ့ တွဲဖက်ပြီး စားသုံးလို့အဆင်ပြေတာကြောင့် အိမ်ရှင်မတွေရဲ့ မီနူးမှာ ဟင်းအမယ်တစ်မျိုး ထပ်ပေါင်းထည့်လို့ရပါပြီရှင့်…

Alice May ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top