ရာသီစာ သရက်သီးကဒီလိုလေးအကျိုးကျေးဇူးတွေပေးပါတယ်

27-3-2020-yyl-007.jpg

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံးအစားအစားတွေကို ရည်ညွှန်းပြောဆိုထားတဲ့ပြောစကားလေးတစ်ခုပေါ့။ ဘယ်အသီးတွေဘယ်လောက်ပဲကောင်းပါတယ်ပြောပြောရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးကအကောင်းဆုံးလို့ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာေရာ အရောင်အဆင်းပါပြည့်စုံတဲ့အသီးတစ်မျိုးပါ။ သရက်သီးအရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးကဘယ်လိုမျိုးအကျိုးအာနိသင်တွေရနိုင်လဲဆိုတာကိုတော့ သိသူရှားပါတယ်။

သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓါကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ ငရုတ်သီးမှုန့်၊ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့တို့စားတာလို့လည်းရပါတယ်။ အမှည့်ခံပြီးစားတာမျိုးလည်းရှိပါတယ်။ သရက်သီးမှည့် ဖျော်ရည်ကလည်း ရင်အေးစေတဲ့ဖျော်ရည်တစ်မျိုးပါ။ ဘယ်လိုပဲစားစားသရက်သီးက ခံတွင်းတွေ့တာတော့အမှန်ပါ။

သရက်သီးကနေရရှိနိုင်မယ့် အာဟာရဓါတ် တွေကခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ သရက်သီး တစ်ပန်းကန်စာမှာ

ကယ်လ်လိုရီက ၁၀၅ ရာခိုင်နှုန်း၊
ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် C က ၇၆ ရာခိုင်နှုန်း၊
ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်သလို အမြင်အာရုံကိုကောင်းမွန်စေနိုင်တဲ့ ဗီတာမင် A က ၂၅ ရာခိုင်နှုန်း၊
ဦးနှောက်တွင်းဟော်မုန်းထုတ်လွှတ်မှုကိုကောင်းမွန်စေပြီး နှလုံးရောဂါကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် B က ၁၁ ရာခိုင်နှုန်း၊
အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓါတ်က ၉ ရာခိုင်နှုန်း
သွေးနီဥဆဲလ်တွေဖြစ်ပေါ်မှုကို အထောက်အကူပြုပေးနိုင်တဲ့copper က ၉ ရာခိုင်နှုန်း၊
ကိုယ်တွင်းက အငန်ဓါတ်ပမာဏကိုထိန်းညှိပေးနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်က ၇ရာခိုင်နှုန်း၊
မဂ္ဂနီဆီယမ်က ၄ ရာခိုင်နှုန်းပါဝင်ပါတယ်။

သရက်သီးစားသုံးပေးမှုကနေရရှိမယ့် အကျိုးကျေးဇူးတွေက

သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပါဝင်နေတာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊သွေးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာ တွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။နောက်တစ်ချက်က သရက်သီးဟာ အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးဖြစ်တာကြောင့်သွေးတွင်းကိုလက်စထရောပမာဏ ကျဆင်းအောင်လည်းလုပ်ဆောင်ပေးပါသေးတယ်။

အသားအရေလှချင်သူတွေအနေနဲ့လည်း သရက်သီးစားသုံးပေးသင့်ပါတယ်။ သရက်သီးက အသားအရေကို ချောမွေ့စေပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ သရက်သီးကို စားပေးရုံတင်မဟုတ်ဘဲ မျက်နှာပေါ်မှာပေါင်းတင်ဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကိုလည်း ပွင့်စေပါတယ်။နောက်ထပ်တစ်ချက်ကနေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေသုံးနေတဲ့သူတွေအနေနဲ့ အမြင်အာရုံကောင်းမွန်စေပြီး ကြက်မျက်သင့်တာနဲ့ မျက်လုံးခြောက်သွေ့တာတွေကို ဘိုင့်ဘိုင်လို့နှုတ်ဆက်နိုင်စေဖို့အတွက် သရက်သီးမှည့်လေးစားပေးပါ။

နောက်တစ်ခုပြောပြချင်တာကတော့ သရက်ရွက်အကြောင်းပါ။ သရက်ရွက်ရဲ့ အမွှေးနံ့က ခပ်သင်းသင်းလေးရှိပြီး အရွက်နုလေးတွေကို တို့စားကြတာမျိုးလည်းရှိပါတယ်။ သရက်ကရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးပြုတ်ရည်ကို တစ်ညသိပ် အရွက်ကိုစစ်ပြီး အရည်ကိုသုံးဆောင်ပေးမယ်ဆိုရင်လည်းသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။

သရက်သီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာကြေချက်မှုကိုကောင်းမွန်စေတဲ့အသီးတစ်မျိုးပါ။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ သရက်သီးအစိမ်းကိုဖျော်သောက်ပေးမယ်ဆိုရင်လည်း ရာသီဥတုပူပြင်းမှုကြောင့် ခန္ဓါကိုယ်မှာဖြစ်လာနိုင်တဲ့ အပူလျှပ်တာလိုမျိုး ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ သရက်သီးမှာ ဗီတာမင် C၊ ဗီတာမင် A နဲ့carotenoids ၂၅ မျိုးအထိပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေပြီး အမြဲကျန်းမာနေစေမှာ အသေအချာပါ။ လတ်တလောမှာလှိုင်လှိုင်ပေါနေတဲ့ သရက်သီးကို အရသာရှိရှိလေးစားသုံးရင်း အပေါ်မှာပြောခဲ့တဲ့ အာဟာရဓါတ်တွေနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို လက်မလွှတ်တမ်းရယူလိုက်ပါ။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top