ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်း မုန်တိုင်းတိုက်ခတ်၊ အိမ်အများအပြား ပျက်စီး

1536990191_-696x383.jpg

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း မန့်ဂ်ခက် (Mangkhut) တိုက်ခတ်မှုကြောင့် အိမ်တွေ ပျက်စီးခဲ့ရကြောင်းသိရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုနဲ့အတူ လေတိုက်နှုန်းလည်း ပြင်းထန်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတွေပါ ရှိခဲ့ပါတယ်။ တူဂူဂါရာအိုမြို့က အဆောက်အဦ အားလုံးနီးပါး ပျက်စီးခဲ့ရကြောင်း၊ နေရာအများစုမှာ ဆက်သွယ်မှု ပြတ်တောက်ခဲ့ရကြောင်း ဖိလစ်ပိုင် အစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

မုန်တိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရသူ စာရင်းကို အစိုးရကထုတ်ပြန်တာတော့ မရှိသေးပါဘူး။ မုန်တိုင်းဒဏ်ကို မုန်တိုင်းတိုက်ခတ်ရာလမ်းကြောင်း တစ်လျှောက်မှာနေတဲ့ လူပေါင်း ၄ သန်းကျော်တွေ့ကြုံခံစားရဖွယ်ရှိနေပြီး လေတိုက်နှုန်း တစ်နာရီ ၁၈၅ ကီလိုမီတာ နှုန်းနဲ့ တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းဟာ အခု သီတင်းပတ်အတွင်းမှာပဲ တရုတ်နိုင်ငံဘက်ကိုဦးတည်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့ဖူးတဲ့ စူပါတိုက်ဖွန်းမုန်တိုင်း ဟိုင်ရမ်ဟာလည်း ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းက ဂါအိုဒေသကို စက်တင်ဘာ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၁ နာရီ ၄၀ မှာ စတင်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လေတိုက်နှုန်း အားနည်းသွားခဲ့ပြီး တစ်နာရီလေတိုက်နှုန်း ၃၀ ကီလိုမီတာနှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ အနောက်ဘက်ပိုင်းကို ဆက်လက် ဦးတည် တိုက်ခတ်နေတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒီမုန်တိုင်းဟာ အခုနှစ်အတွင်း ကမ္ဘာတဝှမ်း တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အားအပြင်းဆုံးဖြစ်တယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့အစည်းက ပြောပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်တောင်ပိုင်းမှာ မီးရထားခရီးစဉ်တွေကို ဖျက်သိမ်းထားရတယ်လို့လည်း သိရပါတယ်။

Ref: bbc “Typhoon Mangkhut: Philippines wakes to storm destruction”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top