ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့

work.jpg

အလုပ်ခွင်ထဲမှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့အခါ လေးလံထိုင်းမှိုင်းလာပြီး တက်တက်ကြွကြွနေနိုင်ဖို့က မလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။

ဒီလိုဖြစ်တဲ့အခါ လေးလံထိုင်းမှိုင်းနေတာကို သက်သာစေဖို့ လုပ်ဖြစ်တာတစ်ခုက ကော်ဖီသောက်တာပါပဲ။ ဒါပေမယ့် ကော်ဖီကသောက်တိုင်းမကောင်းပါဘူး။ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များတဲ့အခါ စိတ်ဖိစီးတဲ့ခံစားမှုကို ခံစားရစေပြီး အိပ်မပျော်တာမျိုးတောင်ဖြစ်စေနိုင်ပါတယ်။

လေးလံထိုင်းမှိုင်းတာကို တိုက်ဖျက်ပြီး တစ်နေ့တာလုံး တက်ကြွလန်းဆန်းစေဖို့ ဒီအချက်လေး (၁၀) ချက်ကိုလုပ်ကြည့်ရအောင်လား။

အစားအသောက်တွေကို သေချာစီစဉ်စားသုံးပေးပါ

စားသုံးမယ့်အစားအစာတွေထဲမှာ ခန္ဓာကိုယ်ကို လန်းဆန်းနေစေမယ့် အစားအသောက်မျိုးကိုရွေးပြီးစားသုံးပါ။ လူတော်တော်များများက အချိန်မရတာကြောင့် မနက်စာကို မစားဘဲထားလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့် မနက်စာကိုပြည့်ပြည့်ဝဝစားသုံးမှ အလုပ်ခွင် ဒါမှမဟုတ် ကျောင်းမှာတစ်နေ့တာလုံးလုပ်ငန်းဆောင်တာတွေလုပ်ဆောင်နိုင်ဖို့ ခွန်အားပြည့်ဝနေမှာပါ။ အစားအသောက်တွေစားသုံးတိုင်းမှာ သတိထားရမှာက သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေပါဝင်နေရဲ့လားဆိုတာပါ။ စားသုံးလိုက်တဲ့ အစားအသောက်တိုင်းမှာ ပရိုတင်းနဲ့ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်စားသုံးပေးပါ။ ကောက်နှံတစ်ခုလုံး၊ အခွံမာသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ နဲ့ အသားဓာတ်တွေပါဝင်အောင်စားသုံးပေးပါ။ အရေးကြီးဆုံးအချက်တစ်ခုက ခန္ဓာကိုယ်မှာ ခွန်အားပြည့်ဝနေစေဖို့အတွက် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိဖို့ပါ။ လုံလောက်တဲ့ သွေးတွင်းသကြားဓာတ်ရှိနေမယ်ဆိုရင် တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေမှာပါ။

ထိုင်နေရာကနေ ထပြီး လမ်းနည်းနည်းပတ်လျှောက်ပါ

တကယ်လို့ သင်က စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် အမြဲထိုင်နေတာမျိုးမလုပ်ဘဲ ခဏလောက်ထပြီး (၁၀) မိနစ်လောက်လမ်းပတ်လျှောက်လိုက်ပါ။ သုတေသနပြုလုပ်ချက်တွေအရ အရမ်းမပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးတာက သတ်လတ်ပိုင်းအရွယ်တွေမှာ ခွန်အားပြည့်ဝအောင်လုပ်ဆောင်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်တာက နှလုံးခုန်နှုန်းကို တိုးတက်ကောင်းမွန်စေပြီး သွေးကြောတွေကနေတဆင့် ဦးနှောက် နဲ့ ကြွက်သားတွေဆီကို အောက်ဆီဂျင်တွေရောက်ရှိစေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားစမြည်ပြောလိုက်ပါ

အလုပ်ခွင်ထဲမှာ လေးလံထိုင်းမှိုင်းလာတဲ့အခါ ကိုယ့်ရဲ့ လုပ်ဖော်ကိုက်ဖက်တွေနဲ့ စကားစမြည်ပြောလိုက်ပါ။ email တို့ chatbox တို့ကနေမဟုတ်ဘဲ ထိုင်နေရာကနေ ထသွားပြီး စကားပြောခိုင်းတာပါ။ အလုပ်ကိစ္စတွေပြောနိုင်သလို နိုင်ငံရေးအကြောင်းအရာမျိုးဖြစ်ဖြစ်၊ ဟာသတစ်ခုခု ဒါမှမဟုတ် ပုံပြင်တွေလိုမျိုး စိတ်ဝင်စားစရာကောင်းမယ့် အကြောင်းအရာတွေကိုပြောပေးပါ။ လူသားတွေက သက်ရှိတွေဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံတာက အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ့်အနီးဝန်းကျင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာက စိတ်ကိုအပြောင်းအလဲဖြစ်စေပြီး တက်ကြွလန်းဆန်းစေမှာပါ။

နေရောင်ခြည်နဲ့ထိတွေ့လိုက်ပါ

လေ့လာချက်တွေအရ နေရောင်ခြည်နဲ့ထိတွေ့တာက ဦးနှောက်ကို စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ serotonin ဟော်မုန်းကို ထုတ်လွှတ်အောင်လှုံ့ဆော်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ serotonin ဟော်မုန်းပမာဏ များနေတဲ့အခါ အိပ်ချင်တာကိုဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ melatonin ဟော်မုန်း အလွန်အကျွံထွက်ရှိနေတာကိုလျော့ကျသွားစေပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) လောက်နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။ နေရောင်ခြည်နဲ့ထိတွေ့မှုက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့အပြင် ညဘက်မှာလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။

အသက်ခပ်ပြင်းပြင်းရှုပေးပါ

အသက်ခပ်ပြင်းပြင်းရှုတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်သလို ခွန်အားလည်းပြည့်ဝစေပါတယ်။ လေကိုနှာခေါင်းနဲ့ဝအောင်ရှုပြီး ပါးစပ်ကနေပြန်ထုတ်ပေးပါ။ (၁၀) ကြိမ်လောက်လုပ်ဆောင်ပေးပါ။ အသက်ခပ်ပြင်းပြင်းရှုတာက စိတ်ဖိစိးမှုကိုလျော့ကျစေနိုင်သလို စိုးရိမ်မှုကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေမှာပါ။

ရေသောက်ပါ

ခန္ဓာကိုယ်မှာ ရေဓာတ်နည်းပါးသွားတဲ့အခါ လေးလံထိုင်းမှိုင်းလာတတ်တယ်ဆိုတာကို သိရဲ့လား။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းပါးနေတဲ့အခါ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို ကောင်းစွာမလုပ်ဆောင်နိုင်တော့ဘဲ ပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းလာတဲ့အခါ မအီမသာဖြစ်တာတွေခံစားရနိုင်သလို ထိုင်းမှိုင်းလာတာ၊ ခေါင်းကိုက်တာ၊ အိပ်ငိုက်တာ၊ အာရုံစိုက်ရခက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်း နိုင်တဲ့ နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်။ ရေအေးအေးလေးတစ်ခွက်လောက်သောက်ပေးလိုက်ပါ။ ရေဓာတ်ပြည့်ဝနေမှုက သွေးတွင်း အောက်ဆီဂျင်တွေ ရောက်ရှိမှုကို ကောင်းမွန်စေသလို ဆဲလ်တွေကိုလည်း အာဟာရတွေပြည့်ဝအောင်လုပ်ဆောင်ပေးပါတယ်။ ခွန်အားပြည့်ဝပြီး လန်းဆန်းတက်ကြွနေစေမှာလည်းဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို ခေတ္တခဏ အနားပေးလိုက်ပါ

တစ်ချိန်လုံး ကွန်ပျူတာကို စိုက်ကြည့်နေတာက မျက်လုံးတွေကို ညောင်းညာစေပြီး အိပ်ချင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် တစ်ချိန်လုံးကွန်ပျူတာကို စိုက်ကြည့်နေမယ့်အစား ခန္ဓာကိုယ်ကိုခဏလောက်အနားပေးလိုက်တာက ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ကို (၅) မိနစ်လောက်အနားပေးပြီး မျက်လုံးတွေညောင်းညာတာကို သက်သာစေနိုင်သလို ခေါင်းကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။ မျက်လုံးတွေကို ကွန်ပျူတာပေါ်ကနေဖယ်လိုက်ပြီး မျက်လုံးမှိတ်ပြီး မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေးနေပေးတာကို လုပ်ပေးပါ။

အားပြည့်စေမယ့် သရေစာစားပေးပါ

တစ်နေ့တာလုံးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတစ်မျိုးမျိုးကို (၄) နာရီခြားတစ်ခါ နည်းနည်းစီစားပေးပါ။ ခန္ဓာကိုယ်က စွမ်းအင်တွေလုံးဝမကုန်သွားခင်မှာ ခန္ဓာကိုယ်ကို လိုအပ်တဲ့အင်အားတွေ ဆက်လက်ပြည့်ဝနေအောင်လုပ်ဆောင်ပေးတာက အကောင်းဆုံးပါ။ အစာခြေစနစ်က စွမ်းအင်ကိုလိုအပ်တာကြောင့် အစားတွေအများကြီးစားသုံးတာက စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သလို ခြေကုန်လက်ပန်းကျတာမျိုးကိုပါဖြစ်စေနိုင်ပါတယ်။ သံဓာတ်၊ ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်တွေလိုမျိုး အာဟာရဓာတ်တွေပါဝင်နေတဲ့ သရေစာလေးတွေကို စားသုံးပေးတာက တစ်နေ့တာလုံး ခွန်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။

အလုပ်စားပွဲမှာထိုင်နေရင်း လှုပ်ရှားမှုလေးတွေလုပ်ပေးပါ

တစ်နေ့တာလုံး အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေရတာက ခန္ဓာကိုယ်ကို လှုပ်ရှားမှုနည်းစေနိုင်ပြီး လေးလံထိုင်းမှိုင်းစေတဲ့အချက်တွေထဲက တစ်ခုပါ။ ကံကောင်းတာတစ်ချက်က အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရင်း ကိုယ်လက်လှုပ်ရှားမှုတွေလုပ်လို့ရတာပါ။ ခြေချောင်းလေးတွေလှုပ်ရှားပေးတာ၊ ပခုံးတွေကို လက်နဲ့နှိပ်နယ်ပေးတာ၊ ပခုံးတွေကိုလှုပ်ရှားပေးတာ၊ ဒူးတွေကို မြှောက်ပြီးလေ့ကျင့်ခန်းလုပ်တာ၊ လည်ပင်းလေ့ကျင့်ခန်းလုပ်တာ၊ ဖနောင့်လေ့ကျင့်ခန်းလုပ်တာ၊ ခြေချင်းဝတ်တွေကို လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်လို့ရပါတယ်။ ညှို့သကျည်း၊ ခြေသလုံးကြွက်သားတွေကို နှိပ်နယ်ပေးပါ။ ဒီလိုမျိုးလှုပ်ရှားမှုတွေက ခန္ဓာကိုယ်ကို သွေးစီးဆင်းမှုကောင်းစေပြီး ကြွက်သားတွေကိုပြေလျော့စေပါတယ်။

ညဘက်မှာ အိပ်ရေးဝဝအိပ်ပါ

လူတော်တော်များများ ညဘက်မှာကောင်းကောင်းအိပ်မပျော်တာက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒီလိုညဘက်အိပ်မပျော်တာတွေက မနက်ခင်းနိုးထလာတဲ့အခါ အားအင်မပြည့်ဝတာနဲ့ စိတ်မကြည်လင်တာတွေကို ဖြစ်စေပါတယ်။ လူတိုင်းဟာ တစ်ညကို အိပ်ချိန် (၇) နာရီကနေ (၈) နာရီကြားရှိဖို့လိုပါတယ်။ ညဘက်အိပ်ပျော်စေဖို့ဆိုရင် အိပ်ရာမဝင်ခင်မှာ ကွန်ပျူတာသုံးတာ၊ တီဗွီကြည့်တာ၊ လက်တော့ပ်သုံးတာ၊ ဖုန်းသုံးတာတွေမလုပ်ပါနဲ့။ အဲ့ဒါတွေအစား ရေနွေးနွေးလေးနဲ့ရေချိုးပြီး သီချင်းအေးအေးလေးတွေနားထောင်ပေးလိုက်ပါ။

ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top