ခရီးသွားရင်း အလုပ်လုပ်ပြီး ဝင်ငွေရှာကြမယ်

6-7-2020-yyl-047.jpg

ခရီးသွားဖို့ ပိုက်ဆံတွေအများကြီးလိုတယ်ဆိုပေမဲ့ စုထားတဲ့ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့လည်း ကမ႓ာပတ်လို့ရတယ်ဆိုတာကို သင်သိပြီးပါပြီလား…

စာရေးသူလိုယူဆသလိုပဲ ခရီးသွားခြင်းက သင့်ရဲ့အိမ်မက်တစ်ခုဆိုရင်တော့ အဖြေက ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နိုင်ဖို့ပါပဲ။ သင့်ရဲ့ပန်းတိုင်က ဘယ်နေရာပဲဖြစ်ဖြစ် အလုပ်အကိုင်အခွင့်အလမ်းတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ဒီအရာက သင်သွားတဲ့နေရာတိုင်းမှာ ပိုက်ဆံရှာနိုင်ရုံတင်မဟုတ်ဘဲ အများနဲ့မတူ၊ ပျော်ပျော်ရွှင်ရွှင်ခရီးသွားလို့ရတဲ့ အတွေ့အကြုံသစ်တွေကိုပါ ရရှိစေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ ပိုက်ဆံရှိမှခရီးသွားလို့ရနိုင်မယ်ဆိုတဲ့ သင့်ရဲ့အတွေးတွေကိုခုပဲ ဖျောက်ပစ်လိုက်ပါတော့။ ခရီးထွက်ဖို့အတွက်ဆိုပြီး ကိုယ်စုထားတဲ့ပိုက်ဆံတွေအားလုံး ထုတ်သုံးနေစရာမလိုပါဘူး။ ဒါကိုသေချာနားလည်သွားရင်တော့ သင့်အလုပ်တွေကိုလည်း သင်သွားမယ့်ဘယ်နေရာကိုမဆို အတူသယ်သွားလို့ရပါပြီ။

အခုပြောပြပေးမဲ့နည်းလမ်းလေးတွေကို အပိုပိုက်ဆံရှာနိုင်ပြီး အသုံးစရိတ်ကာမိဖို့အတွက် စမ်းသပ်ကြည့်လိုက်ပါ။ ဒါကတော့ ခရီးစဉ်အတွင်းပိုက်ဆံကုန်သွားတဲ့အခါ ဖန်လို့ရမယ့်နည်းလမ်း (၇) မျိုးပါ။

၁။ ယာယီအလုပ်

သင်ကအလုပ်လုပ်ဖို့ အမြဲအသင့်ဖြစ်နေတတ်ပြီး ဘယ်နေရာမှာပဲဖြစ်ဖြစ်အလုပ်နိုင်တဲ့သူဆိုရင်တော့ ပိုက်ဆံပြတ်ရမှာ စိတ်ပူစရာမလိုတော့ပါဘူး။ သင်ခရီးသွားချင်တဲ့နေရာနဲ့ အဆင်ပြေမယ့်ယာယီအလုပ်တစ်ခုခုကို အရင်ရှာကြည့်လိုက်ပါ။ ကလေးထိန်းတာကစလို့ အသီးခူး၊ ပန်းရောင်းတာတွေအထိ တစ်နေရာကနေ တစ်ရာကူးဖို့ အဆင်ပြေနိုင်ပြီး ဝင်ငွေလေးရနိုင်မယ်ဆို လုပ်ကြည့်လိုက်ပါ။

မကြာခဏပြောင်းရွှေ့ရတာကို နှစ်သက်တဲ့သူဆိုရင်တော့ သဘောၤတို့၊ လေယာဉ်ပေါ်တို့မှာအလုပ်လုပ်ကြည့်ပေါ့။ ဒီလိုဆိုခရီးသွားရင်း တည်းစရာမရှိမှာလည်း ပူစရာမလိုတော့ပါဘူး။

၂။ အလွတ်တန်းအလုပ်

နည်းပညာတိုးတက်လာတဲ့နဲ့အမျှ ဒစ်ဂျစ်တယ်လုပ်ငန်းတွေဟာ အပြည့်မဟုတ်ရင်တောင် တော်တော်လေး နေရာယူလို့လာပါတယ်။ ဒီနေ့ခေတ်မှာတော့ လက်တော့ပ်လေးတစ်လုံးနဲ့ အင်တာနက်ကွန်နက်ရှင်လောက်ရှိရုံနဲ့ ကမ႓ာ့နေရာအနှံ့အပြားကနေ အလုပ်လုပ်နေတဲ့ အလွတ်တန်းအလုပ်သမားတွေ အများကြီး ရှိလို့နေပါပြီ။

သင်က စာရေးကောင်းတဲ့သူမျိုးဆို လခစားမဟုတ်ဘဲ စာနယ်ဇင်းတွေမှာ စာမူခယူရေးလို့ရတဲ့ အလုပ်တွေ အွန်လိုင်းမှာ အများကြီးမို့ ရှာကြည့်လိုက်ပါ။

၃။ စာပြတဲ့အလုပ်

ခုနကပြောတဲ့ အလွတ်တန်းအလုပ်သမားတွေလိုပဲ သင်လည်း စာသင်လို့ရပါတယ်။ ကိုယ်နေတဲ့နေရာနဲ့ အဆင်ပြေမယ့် သင်ပြနည်းလေးတွေကို လေ့လာကြည့်ရုံပါ။ သင့်အစွမ်းအစပေါ်မူတည်ပြီး သင့်ရဲ့ဗဟုသုတတွေကို အကျိုးရှိအောင်အသုံးချရင်း သင်သွားမယ့်နေရာတိုင်းကို ငွေခင်းလို့ရပါတယ်။ တစ်ခုခုကိုသင်ပြတယ်ဆိုတဲ့နေရာမှာ စာမှရယ်လို့မှ မဟုတ်ပါဘူး။ ဘာသာစကား၊ အဆို၊ အက၊ သင်္ချာပညာနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာသင်ပေးတာအထိ သင်ဝါသနာပါရာ လုပ်လို့ရပါတယ်။

စာသင်ပေးရမယ့်လူရှာမတွေ့တာလား။ မပူပါနဲ့။ Facebook Group တွေထဲဝင်ပြီး LinkedIn တို့လို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကမှ တစ်ဆင့် အဆက်အသွယ်ရယူပါ။ ပြီးရင် အကောင်းဆုံး ကိုယ်ရေးအကျဉ်း (CV) ကိုပြင်ဆင်ထားပါ။ ကိုယ်အလုပ်လုပ်ပေးခဲ့ဖူးတဲ့သူတွေဆီကလည်း ထောက်ခံချက်ရယူပါ။

၄။ လမ်းဘေး ဖျော်ဖြေရေး

ဒီလိုလမ်းဘေး၊ လမ်းပေါ်ဖျော်ဖြေတာမျိုး အရင်ကမလုပ်ဖူးဘူးဆိုရင်တောင်မှ သင့်မှာရှိတဲ့အစွမ်းအစတွေကို အခုထုတ်ဖော်ဖို့ အချိန်တန်ပါပြီ။ လူရှပ်နေတဲ့လမ်းထဲက အဆင်ပြေမယ့် လမ်းထောင့်တစ်နေရာကို အရင်ဆုံးရွေးလိုက်ပါ။ ပြီးရင်တော့ ကပြီးတော့ပဲဖြစ်ဖြစ်၊ ဂစ်တာတီးပြီးတော့ပဲ ဖြစ်ဖြစ်၊ ထူးထူးဆန်းဆန်း ပြကွက်တွေပြတာမျိုးပဲဖြစ်ဖြစ် လုပ်ကြည့်ကြည့်ပါ။ ဒီလောက်လုပ်ရုံလောက်နဲ့တော့ သင်ချမ်းသာလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ညတာအခန်းငှားဖို့နဲ့ ထမင်းတစ်နပ်စားဖို့လောက်တော့ လောက်ကောင်းပါတယ်။

၅။ အရောင်းအဝယ်လုပ်မယ်

သင်က ဆက်ဆံရေးကောင်းမွန်ပြီး မားကတ်တင်းအရည်အချင်းရှိတဲ့သူလား။ အဲဒီလိုလူမျိုးဆိုရင်တော့ ပြည်ပမှာ အရောင်းအဝယ်လုပ်ကြည့်ပါ။ ကမ႓ာပတ်နေတာမို့ တစ်နေရာကဝယ်ယူလာတဲ့ပစ္စည်းကို နောက်တစ်နေရာမှာ အမြတ်တင်ရောင်းတာက သင့်ကိုကော်မရှင်ခ မျိုးမျိုးမြတ်မြတ် ရစေပါတယ်။ လုပ်တတ်မယ်ဆို လုံးဝအဆုံးမရှိနိုင်မယ့်စီးပွားရေးကြီးပါ။ မှောင်ခိုတော့မသွင်းမိစေနဲ့ပေါ့။

၆။ အိမ်အကူ

နေခွင့်၊ စားခွင့်အတွက် အပြန်အလှန်သဘောတူညီမှုရယူပြီး အိမ်ရှင်ရဲ့အိမ်တွင်းအလုပ်တွေ ကူလုပ်ပေးရင်း နိုင်ငံခြားမှာပညာသင်ခွင့်ရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း အများကြီးပါ။ ဒီအလုပ်ကတော့ အသက်အရွယ်ကန့်သတ်ချက်ရှိပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွလေ။ ဘယ်လိုပဲဖြစ်ဖြစ် နေဖို့၊ စားဖို့ ပူစရာမလိုတော့ ပိုက်ဆံစုမိတာပေါ့။ ပိုက်ဆံစုမိတော့ နောက်တစ်နေရာကို လွယ်လွယ်လေး ထပ်သွားလို့ရတာပေါ့။

ယုံကြည်ရတဲ့အေဂျင်စီနဲ့ချိတ်ဆက်ပြီး အလုပ်မပိနိုင်မယ့်အလုပ်မျိုးကို ရှာခိုင်းပါ။ ပုံမှန်အားဖြင့် ပိတ်ရက်မရှိတာမျိုးနဲ့ ကလေးငယ်ငယ်လေးထိန်းရမယ့်အလုပ်မျိုးကိုတော့ ရှောင်စေချင်ပါတယ်။

၇။ လမ်းညွှန်

လမ်းညွှန်လုပ်တာက ဈေးသက်သက်သာသာနဲ့ ခရီးသွားနိုင်ပြီး အတွေ့အကြုံကောင်းတွေရရှိနိုင်မယ့် အကောင်းဆုံးခရီးသွားနည်းတွေထဲက တစ်ခုပါ။ အေဂျင်စီနဲ့ချိတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အလွတ်တန်းပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ သွားရင်း၊ လာရင်းနဲ့လည်း လမ်းမှာတွေတဲ့လူတစ်စုကို လမ်းညွှန်လုပ်ပေးလို့ရပါတယ်။ အဲဒီအတွက်အခကြေးငွေ သီးသန့်တောင်းဖို့ မသင့်ဘူးဆိုပေမဲ့ သဒ္ဒါကြေးလောက်တော့တောင်းလို့ရပါတယ်။

ဒီလောက်ဆို စုထားတဲ့ပိုက်ဆံမရှိဘဲ ခရီးသွားဖို့ အဆင်သင့်ဖြစ်လောက်ပြီထင်ပါတယ်။

ယုံလိုက်ပါ။ ခရီးထွက်ဖို့က သင့်အိမ်မက်ဆိုတာသေချာရင် အခုလုပ်နေတဲ့ ပျင်းရိစရာ ရုံးအလုပ်ကိုနားပြီး ခြေလှမ်းသစ်တွေကို စတင်လိုက်ပါတော့။ လုံးဝမေ့မရနိုင်တဲ့ အတွေ့အကြုံသစ်တွေနဲ့ အနာဂတ်မှာ တစ်ပြားတစ်ချပ်မှမကုန်ဘဲ ခရီးသွားနိုင်မယ့်အခွင့်အရေးသစ်တွေ ပိုပိုမြင်လာလိမ့်မယ်လို့လည်း စာရေးသူက အာမခံပါတယ်။

Ref: Newsrepublic “Seven jobs to do while traveling”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top