ကျွန်တော်တို့လိုလူသားတွေ လိုအပ်တဲ့ အနားယူခြင်း (၇) မျိုး

6-11-2020-yyl-024.jpg

အနားယူခြင်းက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာလို၊ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်တာတွေလိုပဲ အရေးကြီးပါတယ်။ အနားယူတယ်လို့ ကျွန်တော်တို့တွေ ပြောလိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအနားယူခြင်းလို့ ထင်ကြပါတယ်။ တကယ်တော့ ဒါတင်မကဘဲ ကျွန်တော်တို့ လိုအပ်တဲ့ အနားယူခြင်းအမျိုးအစားတွေ အများကြီးရှိပါတယ်။ စိတ်ကျန်းမာရေးကုထုံးဆရာမနဲ့အကြံပေးဆရာမ တက်ရှာ ဘိုင်လေ (Tasha Bailey) ကတော့ ကျွန်တော်အားလုံးလိုအပ်တဲ့ အနားယူခြင်း (၇) မျိုးရှိတယ်လို့ ဆိုပါတယ်။ တက်ရှာ မျှဝေထားတဲ့ အနားယူခြင်း (၇) မျိုးကတော့

ရုပ်ပိုင်းဆိုင်ရာအနားယူခြင်း

ကျွန်တော်တို့တွေ ရုပ်ပိုင်းဆိုင်ရာအနားယူအိပ်စက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ပြန်လည်အားပြည့်လာစေနိုင်တယ်လို့ ဆိုပါတယ်။ တရေးတမောအိပ်တာ၊ ခါတိုင်းထက်စောစောအိပ်ရာဝင်တာ၊ ယောဂကျင့်တာ၊ အချိန်ပေးပြီး နေ့လည်စာစားပေးတာကလည်း ရုပ်ပိုင်းဆိုင်ရာအနားယူခြင်းမျိုးဖြစ်နိုင်တယ်လို့ သိရပါတယ်။

စိတ်ပိုင်းဆိုင်ရာအနားယူခြင်း

ကျွန်တော်တို့ အာရုံစူးစိုက်လို့မရတဲ့အခါမှာ ခဏအနားယူလိုက်တာက စိတ်ပိုင်းဆိုင်ရာအနားယူခြင်းပါပဲ။ ဖုန်းသုံးတာ၊ တီဗီကြည့်တာတွေမလုပ်တော့ဘဲ စိတ်အပန်းဖြေစေမယ့်အရာတွေလုပ်တာ၊ သင့်ကြိုက်တဲ့သီချင်းဖွင့်ထားတာကလည်း စိတ်ပိုင်းဆိုင်ရာအနားယူခြင်းမျိုးဖြစ်စေပါတယ်။

စိတ်ခံစားချက်ဆိုင်ရာအနားယူခြင်း

စိတ်ထဲ မတင်မကျဖြစ်နေတဲ့အရာတွေ၊ မြိုသိပ်ထားရတဲ့အရာတွေကို ဖြေလျော့လိုက်တာက စိတ်ခံစားချက်ဆိုင်ရာအနားယူခြင်းပါပဲ။ စိတ်ခံစားချက်ဆိုင်ရာအနားယူခြင်းဖြစ်ဖို့အတွက် သင် ချစ်တဲ့သူ (ဒါမှမဟုတ်) သင် ရင်းနှီးတဲ့သူတွေနဲ့ သင့်ရဲ့စိတ်ခံစားချက်တွေကို မျှဝေပေးပါ။ သင့်သူငယ်ချင်းတွေ၊ ဆွေမျိုးမိတ်ဆွေတွေကို ပြောမပြချင်ဘူးဆိုရင်တော့ ကုထုံးဆရာဝန်နဲ့ တိုင်ပင်ကြည့်လို့ရပါတယ်။

လူမှုရေးဆိုင်ရာအနားယူခြင်း

လူမှုရေးဆိုင်ရာအနားယူခြင်းက ကျွန်တော်တို့ရဲ့မိတ်ဆွေ၊သူငယ်ချင်း၊ဆွေမျိုး၊ ဆရာသမားတွေနဲ့ ဆက်သွယ်လုပ်တာမျိုးကို ခေါ်ပါတယ်။ သူငယ်ချင်းတွေနဲ့ စကားပြောပေးတာ၊ လူတွေနဲ့ အချိန်ဖြုန်ပေးတာကလည်း ကိုယ့်ကိုယ်ကိုယ်အပန်းဖြေအနားယူတာပါပဲ။

တီထွင်ဖန်တီးနိုင်မှုဆိုင်ရာ အနားယူခြင်း

ကိုယ့်ကိုယ်ကိုယ် စွမ်းအားပြည့်ဖို့၊ စိတ်ကူးဉာဏ်ကွန်မြူးနိုင်ဖို့အတွက် တီထွင်ဖန်တီးနိုင်မှုကနေ ခဏနားဖို့ကလည်း အရေးကြီးပါတယ်။ တစ်ခါတလေ တီထွင်ဖန်တီးနေတာကနေ ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်လိုက်ပြီး အခြားသူတွေရဲ့တီထွင်ဖန်တီးမှုအဖြစ်ပြောင်းလဲတာကလည်း အနားယူခြင်းအတွက် အကူအညီဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုကနေ အနားယူဖို့အတွက် စာအုပ်ဖတ်တာ၊ လမ်းလျှောက်တာ၊ အခြားသူတွေရဲ့အနုပညာလက်ရာတွေကို ကြည့်တာ၊ အလုပ်စားပွဲကို သန့်ရှင်းတာကလည်း တီထွင်ဖန်တီးနေရတဲ့သင့်စိတ်ကို အနားယူစေတာပါပဲ။

အာရုံခံမှုဆိုင်ရာအနားယူခြင်း

သင်က အီလက်ထရောနစ်ပစ္စည်းတွေကို မသုံးတော့ဘဲ လတ်ဆက်တဲ့လေကို ရှုရှိုက်တာကလည်း အာရုံခံမှုဆိုင်ရာအနားယူခြင်းပါပဲ။ ဒီလိုအနားယူခြင်းမျိုးကို အရင်ကမလုပ်ဘူးရင် အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာမျိုးတွေလုပ်ကြည့်လို့ရပါတယ်။

စိတ်အေးချမ်းမှုဆိုင်ရာ အနားယူခြင်း

နောက်ဆုံးအနားယူခြင်းကတော့ စိတ်အေးချမ်းဖို့အတွက် အနားယူခြင်းပါပဲ။ ဒေါသမထွက်အောင်၊ မာန်မာနတွေကင်းဝေးပြီး စိတ်အေးချမ်းဖို့အတွက် အနားယူဖို့လိုအပ်ပါတယ်။ အတွေးအခေါ်စာတွေ၊ လောကအမြင်စာတွေကို ဖတ်ပေးတာ၊ တရားထိုင်တာ၊ စေတနာ့ဝန်ထမ်းအလုပ်လုပ်တာတွေကလည်း စိတ်အေးချမ်းမှုဆိုင်ရာအနားယူခြင်းမျိုးကို ရနိုင်ပါတယ်။ တရားမထိုင်ခြင်းရင်တော့ အသက်ပြင်းပြင်းရှုထုတ်တဲ့လေ့ကျင့်ခန်းကို လုပ်ပေးလို့ရပါတယ်။

Ref: Seven types of rest we need, as per a therapist

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top