ရွာမှာ သူ့ထက် အသက်ကြီးတဲ့ မိန်းကလေးတွေကို သင်္ချာသင်ကြားပေးနေတဲ့ အသက် ၅ နှစ်အရွယ် ဉာဏ်ကြီးရှင်လေး

20-7-2022-13.jpg

ဉာဏ်ကြီးရှင်လေး ဒီရစ်တီ မီရှရာ

အသက် ၅ နှစ် အရွယ် ကလေးမလေး ဒီရစ်တီ မီရှရာဟာ သူ့ရဲ့မွေးရပ်မြေ ဘာဟာဝါရွာလေးမှာ “အံ့ဖွယ်ကောင်မလေး” အဖြစ် လူသိများပါတယ်။ ဒီရစ်တီက ဉာဏ်ကြီးရှင်လေးဖြစ်တာကြောင့် အခုလို လူသိများခဲ့တာပါ။ သူက ဗာရာဏသီမြို့စွန်းမှာရှိတဲ့ Varanasi Public School ရဲ့ Class 1 မှာ ပညာသင်ယူနေပေမဲ့ Class 6 နဲ့ Class 7 ရဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရွာမှာ သူ့ထက် အသက်ကြီးတဲ့ မိန်းကလေးတွေကိုလည်း သင်္ချာသင်ကြားပေးနေပါတယ်။

ရွာက သူ့ထက်ကြီးတဲ့ မိန်းကလေးတွေကို သင်္ချာသင်ပေးနေတဲ့ ဒီရစ်တီ မီရှရာ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဒီရစ်တီဟာ ၂ မိနစ်နဲ့ ၅၆ စက္ကန့်အတွင်း နိုင်ငံပေါင်း (၁၉၅) နိုင်ငံရဲ့အလံတွေကို ကြည့်ပြီး နိုင်ငံအမည်နဲ့မြို့တော်အားလုံးကို ပြောနိုင်တဲ့ အမြန်ဆုံးကလေးအဖြစ် The India Book of Records ရဲ့ အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပါတယ်။ ဒီရစ်တီက သူ့ရဲ့အသိပညာဗဟုသုတတွေအတွက် စက္ကန့်အနည်းငယ်အတွင်း အကောင်းဆုံးစာသင်ဂိုက်ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/သူတွေကို ချိတ်ဆက်ပေးတဲ့ Filo အက်ပလီးကေးရှင်းကို ကျေးဇူးတင်နေပါတယ်။

အတန်းထဲမှာ သူနဲ့အတူ စာသင်ယူတဲ့ အခြားကလေးတွေထက် ထက်မြက်ပြီး တော်ခဲ့တယ်။ မူလတန်းကြိုကျောင်းတက်တဲ့အချိန် Class 3 နဲ့ Class 4 အတွက် သင်္ချာမေးခွန်းတွေကို စတင်ဖြေရှင်းနိုင်ခဲ့ရာမှာ အံ့ဖွယ်ကလေးဖြစ်တယ်ဆိုတာ ပထမဆုံးသိခဲ့ရတယ်လို့ သူ့အဖေ အာရှဝီနီ ကူမား မီရှရာက ပြောပါတယ်။

အဖေနဲ့အတူ တွေ့ရတဲ့ ဒီရစ်တီ မီရှရာ

ဒီရစ်တီ မွေးဖွားလာတဲ့အချိန်တုန်းက ကျားမခွဲခြားမှုဆိုင်ရာ လူမှုရေးဖိအားပေးမှုတွေကို ကျော်လွှားခဲ့ရတယ်လို့ သူ့အဖေက ပြန်ပြောခဲ့ပါတယ်။ သူတို့ရဲ့ရွာမှာ မိန်းကလေးတွေရဲ့ပညာရေးကို အားမပေးကြတာကြောင့် ဒီရစ်တီ စာသင်ကြားရဖို့အတွက် အားပေးကူညီမှုကို ဘယ်တုန်းကမှ မရခဲ့ကြဘူး။ သူ့အဖေက ဒီရစ်တီကို စာသင်ကြားပေးနိုင်မယ့် သီးသန့်စာသင်ဂိုက်ဆရာမကို တစ်အိမ်တက်တစ်အိမ်ဆင်းပြီး ရှာခဲ့ပါတယ်။ ဒါပေမဲ့ ရှာမရဘဲ အခြားသူတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်။ အခုတော့ ဒီရစ်တီက တစ်နေ့ကို (၄-၅) နာရီလောက် Filo အက်ပလီးကေးရှင်းကနေ စာသင်ယူနေပါတယ်။

မိန်းကလေးတွေ ပညာသင်ယူတာကို အားမပေးတဲ့အကြောင်းအရင်းကြောင့် ဒီရစ်တီဟာ သူ့ရွာက မိန်းကလေးတွေကို စာသင်ကြားပေးဖြစ်ခဲ့တာပါ။ သူက အရမ်းငယ်ပေမဲ့ မိန်းကလေးတွေရဲ့ပညာရေးနဲ့ စွမ်းဆောင်နိုင်မှုကို အားပေးကူညီထောက်ခံပေးနေသူတစ်ယောက်ဖြစ်ပါတယ်။ အရွယ်ရောက်လာရင် ဒီရစ်တီက နိုင်ငံတကာစာရင်းကိုင်အရာရှိတစ်ယောက်ဖြစ်ချင်တာပါ။ လူ့အသိုင်းအဝိုင်းအတွက် ကောင်းတာလုပ်ပေးချင်တဲ့အပြင် ပညာသင်ကြားခွင့်မရတဲ့ မိန်းကလေးတွေကိုလည်း စာသင်ကြားပေးချင်တာပါ။

Ref: Indiatimes “She Is In Class 1 But Can Solve Math Problems Of Class 7: Meet Varanasi’s Wonder Girl”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply