သူရှိရာနေရာကို အမှန်မပြောလို့ Covid-19 ကူးစက်ခံရသူတစ်ယောက်ကို စင်ကာပူနိုင်ငံက ထောင် ၆ လချမှတ်ဖွယ်ရှိ

intl05.jpg

Covid-19 (ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ဟာ သူ ရောက်ရှိနေတဲ့ နေရာနဲ့ပတ်သက်ပြီး သတင်းမှားပေးခဲ့တဲ့အတွက် စင်ကာပူနိုင်ငံမှာ ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ အဲဒီအမျိုးသားဟာ Covid-19 စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ ရောက်လာခဲ့သူပါ။ သူ့ရဲ့ဇနီးကတော့ စင်ကာပူနိုင်ငံမှာ နေထိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားသွားလာ မှု တွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို သတင်းမှားပေးခဲ့လို့ အာဏာပိုင်တွေက စွဲချက်တင်ခဲ့တာလို့ စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ အမျိုးသားဟာ ပြီးခဲ့တဲ့ဇန်နဝါရီလနှောင်းပိုင်းမှာ Covid-19 ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ ပြန်လည် သက်သာခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ အနီးကပ်နေခဲ့တဲ့အတွက် သူ့ရဲ့ဇနီးကိုလည်း သီးသန့်ခွဲခြားထားပါတယ်။

စင်ကာပူနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာမှာ ထိရောက်ပြတ်သားတဲ့ နည်းလမ်းအသုံးပြုခဲ့လို့ နိုင်ငံတကာရဲ့ ချီးကျူးဂုဏ်ပြုမှု ခံခဲ့ရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို နောက်ယောင်ခံကြည့်ဖို့အတွက် ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးသူတွေ၊ လုံခြုံရေးကင်မရာ တွေကို အသုံးပြုခဲ့ပါတယ်။ လက်ရှိအချိန်အထိ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်သူ ၉၁ ယောက်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top