မြောက်ကိုရီးယားမှာ ဖျားနာသူ ၁ သန်းကျော်ရှိပြီး လူ ၅၀ ဝန်းကျင် သေဆုံး

16-5-2022-yyl-10.jpg

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေပြီလို့ အတည်ပြုထားတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ဖျားနာသူ တစ်သန်းကျော် ရှိနေတယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသူ ၅၀ ဝန်းကျင် ရှိခဲ့ပြီး သူတို့ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ဘယ်လောက်ရှိလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

မြောက်ကိုရီးယားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေချိန်မှာ ခေါင်းဆောင် ကင်ဂျုံအန်က ကျန်းမာရေးအရာရှိတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆေးဝါးဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။ မြောက်ကိုရီးယားပြည်သူတွေဟာ ကာကွယ်ဆေး ထိုးနှံခွင့်မရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတာတွေကြောင့် ကိုဗစ်-၁၉ ကူးစက်မှုဒဏ်ကို ပိုခံရဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့အားလပ်ရက်မှာ ကင်ဂျုံအန်က အရေးပေါ်ပေါ်လစ်ဗျူရိုအစည်းအဝေး ကျင်းပခဲ့ပြီး ကျန်းမာရေးဌာန အရာရှိတွေက အမျိုးသားအဆင့် အရန်ဆေးဝါးတွေကို ဖြန့်ဖြူးရာမှာ ပေါ့ပေါ့ဆဆ ဆောင်ရွက်နေတယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကင်ဂျုံအန်က ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး အမြင့်ဆုံးအဆင့် အရေးပေါ်စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယား၊ တရုတ်နိုင်ငံတွေနဲ့ ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်နေပြီး အဲဒီနှစ်နိုင်ငံလုံးကလည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကို တွန်းလှန်နေရပါတယ်။ တရုတ်နိုင်ငံဟာ အိုမီခရွန်မျိုးကွဲသစ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အဓိကမြို့ကြီးတွေမှာ ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံဘက်က အကူအညီတောင်းခံလာရင် ကာကွယ်ဆေး၊ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ပို့ဆောင်ပေးမယ်လို့ တောင်ကိုရီးယားနိုင်ငံက ကမ်းလှမ်းထားပေမဲ့ မြောက်ကိုရီးယားက အဲဒီကမ်းလှမ်းမှုအပေါ် တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

မြောက်ကိုရီးယားနိုင်ငံဟာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံနေရချိန်မှာ စားနပ်ရိက္ခာ ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ၁၉၉၀ ပြည့်နှစ်တစ်ဝိုက်က ဆိုးရွားတဲ့ အငတ်ဘေး ရင်ဆိုင်ခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ လူဦးရေ ၂၅ သန်းရှိတဲ့အနက် လူဦးရေ ၁၁ သန်းက အာဟာရမပြည့်ဝကြဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ခန့်မှန်းထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိုက်ပျိုးရေးသမားတွေ တောင်ယာထဲ မဆင်းနိုင်ဘူးဆိုရင် အခြေအနေေ အဆမတန် ဆိုးရွားသွားဖွယ်ရှိတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

Ref: BBC ” North Korea: More than a million Covid cases feared”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top