ဈေးတက်လာပြီး အလစ်သုတ်မှုများလာလို့ စပိန်စူပါမားကတ်တွေမှာ သံလွင်ဆီဘူးတွေကို သော့ခတ်ထားရ

20.11.23-yyl-28.jpg

ကမ္ဘာ့သံလွင်ဆီအများဆုံး ထွက်ရှိရာဖြစ်တဲ့ စပိန်နိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး အလစ်သုတ်မှုတွေများလာလို့ စူပါမားကတ်တွေမှာ ဆီဘူးတွေကို သော့ခတ်ထားနေရပါတယ်။

စူပါမားကတ်တချို့မှာ သံလွင်ဆီ ၁ လီတာတစ်ဘူးကို ယူရို ၁၄.၅ ( မြန်မာငွေ ၅၅၀၀၀) ဝန်းကျင်နဲ့ ရောင်းချနေပြီး အခြားတန်ဖိုးကြီးပစ္စည်းတွေနည်းတူ သော့ခတ်သိမ်းရတဲ့ပစ္စည်း စာရင်း ဝင်လာခဲ့တာပါ။

သံလွင်ပင် အများဆုံးစိုက်ပျိုးတဲ့ စပိန်နိုင်ငံတောင်ပိုင်းမှာ မိုးခေါင်ရေရှားမှု မြင့်တက်လာတဲ့အတွက် ၂ နှစ်တာကာလအတွင်း ဈေးနှုန်း ၁၅၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့တာပါ။ အဲဒီအတွက် ဒုစရိုက်ဂိုဏ်းတွေက သံလွင်ဆီတွေကို အလစ်သုတ်ပြီး ပြန်လည်ရောင်းချနေကြတာပါ။

လက်လီအရောင်းဆိုင်တွေအတွက် အလစ်သုတ်အန္တရာယ် ကာကွယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ STC ကုမ္ပဏီထံ အခုနွေရာသီအတွင်း စူပါမားကတ်တွေရဲ့ သံလွင်ဆီဘူး ခိုးယူခံရခြင်းကနေ ကာကွယ်ပေးမယ့်ပစ္စည်း မှာယူမှုက ၁၂ ဆအထိ မြင့်တက်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း လက်လီအရောင်းဆိုင်တွေကို ထပ်ဖန်တလဲလဲ ပစ်မှတ်ထား ခိုးယူမှု ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ နောက်ထပ် ၁၂ ရာခိုင်နှုန်းအထိ ပိုမိုမြင့်တက်လာခဲ့တယ်လို့ စပိန်နိုင်ငံ ထိပ်တန်းစီးပွားရေးအဖွဲ့အစည်း CEOE က ထုတ်ပြန်ခဲ့ပါတယ်။

စပိန်နိုင်ငံရဲ့ ဥပဒေအရ ယူရို ၄၀၀ အောက် တန်ကြေးရှိတဲ့ ပစ္စည်းတစ်ကြိမ် ခိုးယူမှုကို ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိဘဲ နောက်တစ်ကြိမ် ထပ်မံခိုးယူမှသာ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

Ref: Spanish supermarkets lock up olive oil as shoplifting surges

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top