အီရာရှင်နယ်ကိန်း(၄) လုံးရဲ့ဒဿမနောက်ဂဏန်းအရှည်ကြီးကို ရွတ်ပြပြီး စံချိန်ချိုးတဲ့ ၅ နှစ်သားလေး

26-10-2022-yyl-02.jpg

ကိန်းဂဏန်းတွေမှတ်သားပြီး အလွတ်ရွတ်ပြနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ နှစ်ထပ်ကိန်းတွေဆို ပိုဆိုးပါတယ်။ တချို့နှစ်ထပ်ကိန်းတွေက ဒဿမဖွဲ့လိုက်ရင် သုညနဲ့လည်းမဆုံး၊ ပြန်ထပ်ဒဿမကိန်းမဟုတ်တဲ့ကိန်းဖြစ်တဲ့ အီရာရှင်နယ်ကိန်းတွေပါ။ ဒဿမနောက်က ဂဏန်းရှည်ကြီးကို မှတ်နိုင်ဖို့ဆိုတာ ဉာဏ်ကြီးရှင်တွေအတွက်တော့ လွယ်နိုင်ပါတယ်။

စင်ကာပူနိုင်ငံက နီပေါလူမျိုးကလေးလေးတစ်ယောက်ဆိုရင် အီရာရှင်နယ်ကိန်းရဲ့ဒဿမနောက်က ဂဏန်းတွေကို ရွတ်ဆိုပြနိုင်ပါတယ်။ သူက အသက် ၅ နှစ်ပဲရှိသေးတဲ့ အန်ရှုမန်း ဂူရန်ဆိုတဲ့ ကောင်လေးပါ။ သူ့ရဲ့မှတ်ဉာဏ်ဘယ်လောက်ကောင်းလဲဆိုတာကို မှတ်တမ်းများစွာချိုးပြီး ပြသခဲ့တာပါ။

အန်ရှုမန်းလေးက အီရာရှင်နယ်ကိန်း (၄) လုံးရဲ့ဒဿမနောက်က ဂဏန်းအရှည်ကြီးကို ရွတ်ပြနိုင်တဲ့အတွက် သူ့ရဲ့နာမည်က Singapore Book of Records မှာ ဖော်ပြခံခဲ့ရပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့က အန်ရှုမန်းက ၂ နဲ့ ၃ နှစ်ထပ်ကိန်းတို့ရဲ့ဂဏန်း ၂၇၉ လုံးကို ရွတ်ပြခဲ့ပါတယ်။ သူက ၅ နှစ်ထပ်ကိန်းရဲ့ဂဏန်း ၂၈၉ လုံးကို ရွတ်ပြခဲ့တဲ့အပြင် Euler နံပါတ် (သို့) e နံပါတ်ရဲ့ဂဏန်းအလုံး ၃၀၀ကိုလည်း ရွတ်ပြခဲ့တာပါ။

အန်ရှုမန်းဟာ ကမ္ဘာပေါ်ရှိ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၀၀ က အသုံးပြုတဲ့ ငွေကြေးတွေကိုလည်း မှန်ကန်စွာ ရွတ်ပြနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၄ လက သူဟာ ကမ္ဘာပေါ်ရှိ မြို့တော်ပေါင်း ၂၀၀ လုံးကို ရွတ်ပြနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ပထမဆုံးစံချိန်ကို ချိုးခဲ့တာပါ။

အန်ရှုမန်းက စင်ကာပူနိုင်ငံမှာ မွေးဖွားပေမဲ့ သူ့ရဲ့မိဘတွေက နီပေါနိုင်ငံကလာခဲ့ကြတာပါ။ အန်ရှုမန်းက အရာဝတ္ထုတွေကို မှတ်နိုင်စွမ်းရှိတဲ့ အထူးလက်ဆောင်ကို ရရှိထားတယ်လို့ သူ့ရဲ့မိခင် နီရှာက ပြောပါတယ်။ အန်ရှုမန်း မူကြိုစတက်တဲ့အချိန် သင်ခန်းစာတွေသင်ပြီးတာနဲ့ချက်ချင်းပဲ ဗျည်းသရအက္ခရာသီချင်းကို ဆိုပြနိုင်တဲ့အခါမှာ သူ့ရဲ့စွမ်းရည်ကို သတိထားမိခဲ့တာပါ။ သူ့ရဲ့မိဘတွေက သူ့ကို အိမ်မှာ ဗျည်း၊သရအက္ခရာတွေ မသင်ပေးခဲ့ပါဘူး။ မူကြိုကျောင်းမှာ စပြီးသင်ခဲ့ရတာပါ။

ဂဏန်းတွေကို စပြီးမှတ်နိုင်တဲ့အခါ နီရှာအံ့အားသင့်ခဲ့ရပါတယ်။ သူ့သားက အဲဒါတွေကို မှတ်နိုင်ဖို့ အချိန်အများကြီးလည်း မယူရဘူး။ အသစ်သစ်တွေကို သင်ယူချင်စိတ်ပြင်းပြတယ်။ ဂဏန်းနဲ့အက္ခရာတွေကို မှတ်နိုင်တာအပြင် ဘလော့တုံးတွေနဲ့ကစားရတာကိုလည်း ကြိုက်တယ်။ အနာဂတ်မှာ သူ့ရဲ့မှတ်ဉာဏ်စွမ်းရည်ထက်အောင် ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ နီရှာက ပြောပါတယ်။

Ref: Mothership “S’pore boy, 5, breaks records by reciting at least 279 digits of irrational numbers from memory”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top