“Squid Game: The Challenge” Reality Show ရိုက်ကူးရေးစတင်ခဲ့ပြီး အအေးဒဏ်ကြောင့် ပြိုင်ပွဲဝင်တချို့ ဆေးကုသမှုခံယူခဲ့ရ

23-1-2023-yyl-208.jpg

Netflix ရဲ့အအောင်မြင်ဆုံးကိုရီးယားစီးရီး Squid Game ကို အခြေခံထားတဲ့ Reality Show “Squid Game: The Challenge” ကို ဇန်နဝါရီ ၂၃ ရက်နေ့က ဗြိတိန်မှာ ရိုက်ကူးရေးစတင်ခဲ့ပါတယ်။ အဲဒီရှိုးမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေက ပထမဆုံးစိန်ခေါ်မှုကိုတော့ အအေးဒဏ်အံ့တုပြီး ကျော်လွှားခဲ့ရပါတယ်။ -3°C အပူချိန်မှာ ပထမဂိမ်းဖြစ်တဲ့ “Red Light, Green Light” ကို ယှဉ်ပြိုင်ရင်း ပြိုင်ပွဲဝင်အနည်းငယ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ The Sun သတင်းဌာနက ဖော်ပြပါတယ်။

ဇာတ်ကားထဲမှာတော့ “Red Light, Green Light” ဂိမ်းကစားတဲ့အချိန် ကစားသမားတွေက နောက်ဆုံးစည်းအထိ ရောက်အောင် ဖြတ်ကျော်သွားရမှာပါ။ ကစားသမားတွေက ဟောင်ဟီးဆိုတဲ့ အရုပ်မ မီးနီလို့ အော်နေတဲ့အချိန်မှာ မလှုပ်ဘဲ နေရမှာဖြစ်ပြီး မီးစိမ်းလို့ အော်လိုက်တဲ့အချိန် အရုပ်မ ခေါင်းလှည့်ပြီးကြည့်ရင် မလှုပ်မယှက်ဘဲ လုံးဝငြိမ်ငြိမ်ထားရပါတယ်။ မငြိမ်ရင်တော့ ပစ်သတ်ခံရတာပါ။ အခု Reality Show မှာတော့ ကစားသမားတွေက အအေးဒဏ်ကို ခံရပေမဲ့ ငြိမ်ငြိမ်မနေဘဲ လှုပ်နေရင် ပြိုင်ပွဲက နှုတ်ထွက်ရပါတယ်။

ရှိုးမှာ စတင်ကစားတဲ့ ကစားသမားတွေက The Sun သတင်းဌာနကို အခုလိုပြောထားပါတယ်။ “ဆရာဝန်လို့ တစ်စုံတစ်ယောက် အော်ခေါ်တဲ့အသံကို ကျွန်တော်တို့ ကြားရတယ်။ ဆေးအဖွဲ့ အပြေးအလွှားလာကြရပါတယ်။ အဲဒီအချိန်အတွင်း ကျွန်တော်တို့ မိနစ် ၃၀ လောက် နေရာမှာပဲ ရပ်နေခဲ့ရတယ်။ တချို့ဆို နောက်ဆုံးစည်းအထိ တွားသွားကြရတယ်။ အနည်းဆုံးတစ်ယောက်လောက်ကိုတော့ ထမ်းစင်နဲ့ သယ်သွားကြတယ်”

အပိုင်း ၁၀ ပိုင်းရှိတဲ့ Squid Game: The Challenge ကို လန်ဒန်မြို့ကနေ ၂ နာရီလောက် ကားမောင်းသွားရတဲ့ Bedford မြို့လေးအနီးနားက Cardington Studios မှာ တိတ်တဆိတ်ရိုက်ကူးနေတာပါ။ အလုံပိတ်နေရာမှာ ရိုက်ကူးတာဖြစ်ပေမဲ့ ကျယ်ဝန်းတဲ့နေရာကြီးက နေသာထိုင်သာမရှိလောက်အောင် အေးလှတယ်လို့ ဆိုကြပါတယ်။ “အဲဒီနေရာ ရောက်သွားတော့ အေးခဲနေတာပါပဲ။ လူတိုင်း တုန်ရိနေကြတယ်။ အပူပေးစက်မရှိဘူးလို့ ထင်တယ်” လို့ ပြိုင်ပွဲဝင်တစ်ယောက်က ပြောပါတယ်။

“သူတို့က အတွင်းခံအနွေးထည် (၂) ထည်၊ ခြေအိတ် ၂ ခု၊ ရှပ်အင်္ကျီတ ၁ ထည်၊ ဖိနပ်၊ အစိမ်းရောင်အားကစားဝတ်စုံတွေ ပေးပါတယ်။ အဝတ်အစားအောက်မှာ သွေးအိတ်ပါတဲ့စွပ်ကျယ်အင်္ကျီထားဝတ်ရပါတယ်။ အဲဒီအင်္ကျီက ဂိမ်းကစားတဲ့အချိန် လှုပ်ရင် သေနတ်နဲ့ပစ်ခံရသလို အလိုအလျောက် သွေးတွေပန်းထွက်ပါတယ်”လို့ သူက ဆက်ပြောပြခဲ့ပါတယ်။

ပြင်းထန်တဲ့ထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် Netflix က အခုလို ထုတ်ပြန်ခဲ့ပါတယ်။ “ကျွန်တော်တို့ ပြိုင်ပွဲဝင်တွေနဲ့ အဖွဲ့သားတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းရေးကို အလွန်အလေးထားဂရုစိုက်ထားပါတယ်။ သင့်လျော်တဲ့ ဘေးကင်းရေးလုပ်ငန်းစဉ်အားလုံးကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ရိုက်ကွင်းမှာ အရမ်းအေးနေချိန် ပြိုင်ပွဲဝင်တွေက အဲဒီအတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ပြောဆိုယူဆချက်တွေက မမှန်ပါဘူး”။

“အကြီးဆုံး Reality Show” အဖြစ် သတ်မှတ်ထားတဲ့ Squid Game: The Challenge မှာ ပြိုင်ပွဲဝင် ၄၅၆ ဦး ယဉ်ပြိုင်ရပြီး နောက်ဆုံးအနိုင်ရတဲ့သူက အမေရိကန်ဒေါလာ ၄.၅၆ သန်းရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၂၂၈ ဦးတော့ ပထမစိန်ခေါ်မှုမှာ ရှုံးနိမ့်ကာ ထွက်သွားခဲ့ရပါတယ်။

Ref: Squid Game: The Challenge Has Begun Production In The UK — And The Contestants’ First Hurdle Is The Cold Weather

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top