အကြိမ် (၇၀၀) ကျော် သွေးဥမွှား လှူဒါန်းခဲ့ဖူးတဲ့ အသက် (၈၉) နှစ်အရွယ်အဘိုးအို

1-7-2020-yyl-014.jpg

စာဖတ်ပရိသတ်တွေရော သွေး၊ သွေးဥမွှား ဘယ်နှစ်ကြိမ်လှူဒါန်းခဲ့ဖူးကြလဲ။ နီဘရားစကားပြည်နယ်က အသက် (၈၉) အရွယ်အဘိုးအိုတစ်ဦးကတော့ အကြိမ် (၇၀၀) ကျော်သွေးဥမွှား လှူဒါန်းခဲ့ဖူးပါတယ်တဲ့။ သူဟာ ကြက်ခြေနီအသင်းမှာ ပုံမှန်သွေးလှူဒါန်းပေးသူ တစ်ယောက်တောင်ဖြစ်နေပါတယ်။ ရှာမန် ဟီချီ ဆိုတဲ့ အဲဒီအဘိုးအိုက ၁၉၉၀ ပြည့်နှစ်အစောပိုင်းမှာ ကြက်ခြေနီအသင်းက သူ့ကို သွေးနဲ့သွေးဥမွှားတွေ လှူဒါန်းပေးဖို့ ပြောခဲ့တာကြောင့် သွေးလှူဒါန်းကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

“အခြားသူတွေကို ကူညီပေးနိုင်ဖို့အတွက် ဒါ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော် ကျန်းမာရေးကောင်းခဲ့တယ်။ သွေးလှူရတာ လွယ်ကူပါတယ်။ ကျွန်တော့်အတွက် ဘာကုန်ကျစရိတ်မှာမရှိပါဘူး”လို့ အဘိုး ရှာမန်က ပြောပါတယ်။ သူက အဲဒီအချိန် ပထမဆုံးသွေးလှူဒါန်းပြီးတဲ့နောက်မှာတော့ တစ်လကို နှစ်ကြိမ် သွေးလှူဒါန်းဖြစ်ခဲ့ပါတယ်။ သူက ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်နေတာကြောင့် ကျောင်းဆင်းတဲ့အချိန် သွားလှူဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်မှာ အငြိမ်းစားယူခဲ့တဲ့အချိန်မှာတော့ ကြက်ခြေနီအသင်းက ခွင့်ပြုတဲ့ပမာဏ သွေးဥမွှားတွေကို တနင်္လာနေ့တိုင်း သွားလှူဒါန်းဖြစ်ခဲ့ပါတယ်။

ရှာမန်က သွေးဥမွှားဖြစ်လာဖို့အတွက် အချိန်ပိုကုန်တာကြောင့် သွေးထက် သွေးဥမွှားတွေကို လှူဒါန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကြက်ခြေနီအသင်းမှာ သူ လှူဒါန်းတဲ့အချိန်တိုင်း အချိန် (၃) နာရီကြာပါတယ်။ သွေးဥမွှားဟာ သွေးအတွင်းက အလွန်သေးငယ်တဲ့ဆဲလ်တွေဖြစ်ပါတယ်။ အမေရိကန်လူမျိုး သန်းပေါင်းများစွာအတွက် သွေးဥမွှားတွေက အသက်ရှင်ရပ်တည်ဖို့နဲ့ ကင်ဆာ၊ နာတာရှည်ရောဂါ၊ ထိခိုက်ဒဏ်ရာရတာတွေကို တိုက်ဖျက်ပေးဖို့အတွက် မရှိမဖြစ်အရေးကြီးပါတယ်။ လူတစ်ယောက်က သွေးဥမွှားကို (၁၅) စက္ကန့်တိုင်း လိုအပ်ပါတယ်။ သွေးဥမွှားကို (၅) ရက်အတွင်း အသုံးပြုရပြီး သွေးဥမွှားလှူဒါန်းမယ့်သူကို နေ့တိုင်းလိုအပ်တယ်လို့ ကြက်ခြေနီအသင်းရဲ့ပြောစကားအရ သိရပါတယ်။

အဘိုးရှာမန် ဟီချီက သွေးဥမွှားတွေကို အကြိမ် (၇၀၀) ကျော် လှူဒါန်းခဲ့ပြီးပါပြီ။ သူဟာ ကြက်ခြေနီအသင်းက ဝန်ထမ်းတွေနဲ့ တော်တော်လေးတောင် ရင်းနှီးနေပါပြီ။”လှူဒါန်းပေးဖို့အတွက် ဘယ်သူကိုမဆို အားပေးပါတယ်။ အချိန်မအားဘူးဆိုရင်လည်း အနည်းဆုံး (၈) ပတ်မှ (၁) ကြိမ်လောက် သွားပြီး သွေးလှူဒါန်းလို့ရနိုင်ပါတယ်”လို့ သွေးဥမွှားလှူဒါန်းဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် ရှာမန်က အကြံပြုထားပါတယ်။

Ref: This 89-year-old Nebraska man has donated his platelets over 700 times

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top