ရေဘေးကူညီထောက်ပံ့မှု ပရဟိတစာအုပ်ရောင်းလှူပွဲ ပြုလုပ်မည်

flooding.jpg

ရေဘေးကူညီထောက်ပံ့မှု ပရဟိတစာအုပ်ရောင်းလှူပွဲ

မွန်ပြည်နယ်ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီဖို့အတွက် ကဗျာလက်ရေးမူ ရောင်းချတာတွေ၊ ပန်းချီကားရောင်းချတာတွေကို ပြုလုပ်နေကြပါတယ်။ ဒါ့အပြင် ပရဟိတစာအုပ်ရောင်းလှူပွဲတစ်ခုကိုလည်း မဟာဗန္ဓုလပန်းခြံလမ်းနဲ့ မြို့တော်ခန်းမကြားမှာ ဩဂုတ် ၂၀ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကဗျာလက်ရေးမူရောင်းချတာတွေ၊ ပန်းချီကားရောင်းချတာတွေကိုတော့ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂက ဦးဆောင်ပြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။ စာအုပ်ရောင်းလှူပွဲကိုတော့ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂနဲ့ Perfect Youths ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

”စာပေအဝန်းအဝိုင်းထဲကလူတွေများတော့ စာအုပ်တွေ အလှူခံရရှိထားတာ များတယ်။ လာတဲ့သူက သူကြိုက်တာ သူယူသွား၊ ဈေးနှုန်းမသတ်မှတ်ဘူး၊ အလှူခံဖလားချထားမယ်၊ အဲဒီမှာ အလှူငွေထည့်ဝင်သွား။ ဒီလိုပုံစံမျိုးပါ”လို့ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂ ဗဟို EC အဖွဲ့ဝင် စာရေးဆရာ အဇ္စျတ္တက ပြောပါတယ်။

ဒီစာအုပ်ရောင်းလှူပွဲမှာ ဂစ်တာဝိုင်းနဲ့ တီးခတ်ဖျော်ဖြေမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ရေဘေးသင့် ပြည်သူတွေအတွက် အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်၊ ငွေကြေးအပြင် စာအုပ်တွေကိုလည်း လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ စာအုပ်ပေါင်း ၇၀၀ လောက်ကို အလှူခံရရှိထားတဲ့အပြင် စာအုပ်ရောင်းလှူပွဲမှာ ပါဝင်ဖို့အတွက် စိတ်ကူးချိုချိုစာအုပ်တိုက်နဲ့လည်း ချိတ်ဆက်ထားပါတယ်။ မဂ္ဂဇင်းတိုက်အနေနဲ့လည်း မဟေသီ မဂ္ဂဇင်းတိုက်က နှစ်နှစ်အတွင်း လစဉ်ထွက်ရှိထားတဲ့ မဂ္ဂဇင်းတွေကို လှူဒါန်းထားပါတယ်။

”သမဂ္ဂအနေနဲ့က Perfect Youths အဖွဲ့ကို ပါဝင်ကူညီတာပါ။ ရရှိလာတဲ့ အလှူငွေနဲ့ ပစ္စည်းတွေကို သူတို့အဖွဲ့က ကိုယ်တိုင်ကိုယ်ကျသွားလှူကြပါမယ်။ မွန်ပြည်နယ်မှာရှိတဲ့ စာပေမိတ်ဆွေတွေနဲ့ချိတ်ဆက်ပြီး သွားရောက်လှူဒါန်းမှာပါ။ သွားလို့ရတဲ့နေရာအထိတော့ ကိုယ်တိုင်သွားလှူပါမယ်”လို့ ကိုအဇ္စျတ္တက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရေဘေးဒုက္ခနှင့် ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ဓါတ်ပုံ – ကဗျာဆရာဝင်းမြင့်
KST (ရိုးရာေလး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top