ဆေးရုံတစ်ခုမှာ လုံခြုံရေး အလုပ်ရသွားခဲ့တဲ့ လေလွင့်ကြောင်လေး

21-8-2020-yyl-006.jpg

အခုနောက်ပိုင်း တိရစ္ဆာန်လေးတွေ အလုပ်အကိုင်ကိုယ်စီရနေကြတဲ့ သတင်းတွေလည်း စာဖတ်ပရိသတ်တွေ ဖတ်ဖူးမြင်ဖူးကြမှာပါ။ သြစတြေးလျနိုင်ငံက အယ်လ်ဝုဒ် (Elwood) ဆိုတဲ့ လေလွင့်ကြောင်လေးကလည်း အလုပ်အကိုင်တစ်ခုရသွားပါပြီ။ အခုလအစောပိုင်းမှာ အယ်လ်ဝုဒ်က ခေါင်းကြီးပိုင်းအနေနဲ့ သတင်းတွေမှာ ပါလာခဲ့ပါတယ်။ Epworth HealthCare အမည်ရတဲ့ ပြည်တွင်းဆေးရုံတစ်ရုံက သူ့ကို အလုပ်ပေးခဲ့လို့ပါပဲ။ အယ်လ်ဝုဒ်က ဆေးရုံအဆောက်အဦးကို လုံခြုံရေးသမားတစ်ယောက်လို (၁) နှစ်လုံး နေ့တိုင်းနီးပါး လှည့်လည်ကြည့်ရှု စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။ (၁)နှစ်ဆိုတော့ အကြာဆုံးအစမ်းခန့်ကာလပါပဲ။

အယ်လ်ဝုဒ်က လူတိုင်းကို အမြဲတမ်းနှုတ်ဆက်ပါတယ်။ ဆေးရုံဝန်ထမ်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ချန်တယ် ထရိုလစ် (Chantel Trollip) ကလည်း လွန်ခဲ့တဲ့ (၁) နှစ်လောက်က အယ်လ်ဝုဒ်ကို တွေ့ခဲ့ပြီး အဲဒီကတည်းကနေ နေ့တိုင်း ဆေးရုံမှာ သူ့ကို မြင်နေခဲ့ရတယ်လို့ ပြောပါတယ်။ “နေ့တိုင်း သူက ဆေးရုံမှာ ရှိနေတယ်။ ကျွန်မ သူ့ကို မမြင်ရင် ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေ မြင်ပါတယ်။ သူက လူတွေကို စောင့်ဆိုင်းရင်းနဲ့ ရှေ့တံခါးပေါက်မှာ လုံခြုံရေးလုပ်နေတဲ့အပြင် အပင်တွေကြားမှာလည်း နေပူဆာ လှုံတတ်ပါတယ်”လို့ ထရိုလစ်က ပြောပါတယ်။ တစ်နေ့မှာ ထရိုလစ်က အယ်လ်ဝုဒ်ရဲ့ လည်ပင်းမှာ ကဒ်တစ်ကဒ်ကို သတိထားမိခဲ့ပါတယ်။ အဲဒီကဒ်က “လုံခြုံရေး”ဆိုတဲ့ အယ်လ်ဝုဒ်ရဲ့ဆေးရုံဝန်ထမ်းကဒ်ဖြစ်ပါတယ်။ “အခြားဝန်ထမ်းကဒ်တွေလိုပဲ သူ့ရဲ့ကိုယ်ပိုင်ဝန်ထမ်းကဒ်ကို ရသွားခဲ့ပါပြီ”လို့ ထရိုလစ်က ဆိုပါတယ်။

အခုလအစောပိုင်းမှာ Epworth HealthCare Hospital ကလည်း သူတို့ရဲ့အင်စတာဂရမ်မှာ အယ်လ်ဝုဒ်အကြောင်းကို ပို့စ်တင်ခဲ့ပါတယ်။ “ကျန်းမာရေးဝန်ထမ်း အယ်လ်ဝုဒ်က Epworth မှာ အလုပ်ဝင်သင်တန်းကို အောင်မြင်သွားခဲ့ပါတယ်။ လူနာတွေနဲ့ ဝန်ထမ်းတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်”လို့ ရေးသားခဲ့ပါတယ်။ အယ်လ်ဝုဒ်ကို တကယ်အလုပ်ခန့်ထားတာလားဆိုတဲ့ မေးခွန်းကိုလည်း ဆေးရုံက ဖြေပေးထားပါတယ်။ အခုဆိုရင် အယ်လ်ဝုဒ်က လုံခြုံရေးဝန်ထမ်းဖြစ်သွားပေမယ့်လည်း သူက သူ့ရဲ့အရင်ကလုပ်ထုံးလုပ်နည်းတွေကို အသားကျနေပြီး ဆေးရုံကိုလာတဲ့ ဝန်ထမ်းတွေနဲ့ လူနာတွေကို နှုတ်ဆက်နေတုန်းပါပဲ။

Ref: Stray Cat Snags Job As Security Guard At Aussie Hospital After Hanging Around For A Year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top