အိမ်ကနေ အလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တွေကို စီမံခန့်ခွဲဖို့ရာ

24-3-2020-yyl-021.jpg

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ်ကြေညာထားတာဖြစ်ပါတယ်။ အဲဒီလိုကြေညာခဲ့တာကြောင့် စာသင်ကျောင်းတွေနဲ့ သင်တန်းကျောင်းတွေ ဧပြီလကုန်ထိ ခတ္တပိတ်ထားရသလို ကုမ္ပဏီတော်တော်များများကလည်း ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်။ အိမ်ကနေအလုပ်လုပ်တာက (၁) ရက် (၂) ရက်ကတော့ အဆင်ပြေနိုင်ပေမဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရတဲ့အခါမှာဆိုရင် အလုပ်တွေ တစ်စုတစ်စည်းတည်း ပြီးမြောက်အောင်လုပ်ဖို့ နည်းနည်းတော့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကတော့ မန်နေဂျာ၊ အဖွဲ့ခေါင်းဆောင်အတွက် စိန်ခေါ်မှုဖြစ်နိုင်ပါတယ်။

အိမ်ကနေအလုပ်လုပ်တာက သွားရလာရတာ အချိန်ကုန်သက်သာတာ၊ လေထုညစ်ညမ်းမှုဒဏ်ကနေ ကင်းဝေးတာလို အကျိုးကျေးဇူး တော်တော်များများရှိပါတယ်။ ဒါပေမဲ့ အကျိုးကျေးဇူးတွေအပြင် အခက်အခဲလည်း ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းကြီးတစ်ခုကို စီမံခန့်ခွဲတဲ့အခါမျိုးမှာပါ။ အိမ်ကနေ အလုပ်လုပ်တာက အစီအစဉ်ဆွဲတာအပြင် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဖို့အချိန်လိုပါတယ်။ ဒါမှ အိမ်ကနေအလုပ်လုပ်တဲ့အခါမှာ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ အလုပ်ပြီးမြောက်မှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကနေ အလုပ်လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဖွဲ့သားတွေကို စီမံခန့်ခွဲတဲ့နေရာမှာ အခက်အခဲမရှိစေဖို့အတွက် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

အဆက်အသွယ်ရှိတာက အဓိကသော့ချက်ပါ

အဖွဲ့တစ်ခုကို စီမံခန့်ခွဲဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဟာ အချိတ်အဆက်မိနေဖို့လိုပါတယ်။ အိမ်ကနေအလုပ်လုပ်ပြီး စီမံခန့်ခွဲရတာကြောင့် အဖွဲ့သားတစ်ဦးချင်းစီ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးစီနဲ့ အဆက်အသွယ်မပျက်ဖို့ အရေးကြီးပါတယ်။ အဖွဲ့သားတွေနဲ့ အချိတ်အဆက်မိနေမှ အိမ်ကနေအလုပ်လုပ်ရတာကလည်း အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်။ ထိရောက်တဲ့ဆက်သွယ်မှုဆိုတာက အိမ်ကနေအလုပ်လုပ်တဲ့အခါမျိုးမှာ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေ၊ အဖွဲ့သားတွေနဲ့ ဆက်သွယ်လို့ရနိုင်တဲ့ facebook၊ လုပ်ငန်းသုံးအပ်ပလီးကေးရှင်း၊ ဖုန်းတွေကို ဖွင့်ထားရမှာဖြစ်ပါတယ်။

အချင်းချင်းမြင်လို့ရတဲ့နည်းပညာကိုအသုံးပြုပါ

အလုပ်အကြောင်းတွေကို ဆိုရှယ်မီဒီယာအကောင့်ကနေ၊ ဖုန်းကနေပြောတာကလည်း အဆက်အသွယ်မပျက်စေမယ့် နည်းဖြစ်ပါတယ်။ ဒါပေမဲ့ မန်နေဂျာရဲ့မျက်နှာ၊ အဖွဲ့ခေါင်းဆောင်ရဲ့မျက်နှာကို မြင်တွေ့နေရတာက ပိုကောင်းပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေနဲ့ အဖွဲ့လိုက် Video Calls ပြောလို့ရမယ့်၊ တစ်ယောက်ချင်းနဲ့ Video Calls ပြောလို့ရမယ့် နည်းပညာကို အသုံးပြုသင့်ပါတယ်။ ဒါက သူတို့ကို စိတ်ဓာတ်တက်ကြွစေသလို လုပ်ကိုင်နိုင်စွမ်းအားကိုလည်း တိုးလာစေနိုင်ပါတယ်။

အစီအစဉ်ဇယားဆွဲထားပြီး မကြာခဏ အကြံဉာဏ်နဲ့အမြင်တွေကို မျှဝေပါ

အလုပ်ခွင်မှာ အစီအစဉ်ဇယားအတိုင်း ဝန်ထမ်းတိုင်းလိုက်နာရသလိုပဲ အိမ်ကနေအလုပ်လုပ်နေစဉ်မှာလည်း အစီအစဉ်ဇယားရှိထားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အစီအစဉ်ဇယားဆွဲထားရုံ၊ လုပ်ငန်းပြီးမြောက်ရုံနဲ့ မလုံလောက်ပါဘူး။ အဖွဲ့သားတွေ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အလုပ်လုပ်နေတယ်ဆိုတာ သေချာဖို့အတွက် မန်နေဂျာက သူ/သူမရဲ့အကြံဉာဏ်၊ အမြင်တွေကိုလည်း မကြာခဏဆိုသလို မျှဝေပေးဖို့ လိုအပ်ပါတယ်။

အိမ်မှာ အလုပ်လုပ်ရင်း တာဝန်တွေ ခွဲဝေပါ

သင်က ပရောဂျက်တစ်ခုအတွက် အလုပ်လုပ်နေရရင်း အဖွဲ့သားတွေကိုလည်း တာဝန်ခွဲပေးဖို့လိုပါတယ်။ အိမ်ကနေအလုပ်လုပ်ရတဲ့ အခါမျိုးမှာ အဖွဲ့သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူချင်းမတွေ့ရတဲ့အတွက် အလုပ်ကောင်းကောင်း ပြီးမြောက်ဖို့အတွက် အလုပ်တွေခွဲဝေပေးသင့်ပါတယ်။ အဲဒီလို အဖွဲ့သားတွေကို တာဝန်ခွဲပေးလိုက်တဲ့အတွက် အိမ်ကနေ အလုပ်လုပ်တဲ့အခါမှာ ကောင်းကောင်းစီမံခန့်ခွဲ နိုင်သွားမှာဖြစ်ပါတယ်။ အလုပ်တွေ ဘယ်လောက်ပြီးမြောက်လဲဆိုတာကိုလည်းသိရှိနိုင်မှာဖြစ်ပါတယ်။

လက်ရှိအခြေအနနဲ့ လိုက်လျောညီထွေမှုရှိပါစေ

အိမ်ကနေ အလုပ်လုပ်ရင်းနဲ့ အသေးစိတ်ကအစ အရာရာတိုင်းကို စီမံခန့်ခွဲဖို့အတွက် မဖြစ်နိုင်ပါဘူး။ အလုပ်လုပ်နေတဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေ၊ အဖွဲ့သားတွေကလည်း အချင်းချင်းအဆက်အသွယ်လုပ်တဲ့အခါနဲ့ နည်းပညာပိုင်းအခက်အခဲရှိတဲ့အခါမှာ စိန်ခေါ်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါတွေက ရုံးမှာ လုပ်ရသလို အရာရာတိုင်းကို လုပ်ဖို့အတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်။ လက်ရှိအခြေအနေအရ လူတစ်ယောက်ရဲ့လုပ်ကိုင်နိုင်စွမ်းကိုလည်း ထိခိုက်နိုင်ပါတယ်။ အိမ်ကနေ အလုပ်လုပ်တဲ့အခါ အရမ်းကြီး ဖိအားပေးလို့မရပါဘူး။ အဖွဲ့ခေါင်းဆောင် (သို့) မန်နေဂျာဖြစ်တဲ့သူအတွက် လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိဖို့နဲ့ စာနာထောက်ထားတတ်ဖို့လိုပါတယ်။ လုပ်ဆောင်ချက်တွေကို အာရုံစိုက်မဲ့အစား ရလဒ်အပေါ် အာရုံထားမယ်ဆိုရင် အိမ်ကနေ အလုပ်လုပ်ရတဲ့သူအတွက် ပိုပြီးအဆင်ပြေနိုင်မှာဖြစ်ပါတယ်။

Ref: Struggling to manage your team while working from home? These 5 tips are all you need

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top