ဘွဲ့နှင်းသဘင်အခမ်းအနားမတိုင်ခင် ကလေးမီးဖွားခဲ့လို့ ဆေးရုံမှာ ဘွဲ့ယူခဲ့ရသူ

24-5-2022-yyl-14.jpg

ဘွဲ့ယူတဲ့နေ့ဆိုတာ အမြဲတမ်းထူးခြားတဲ့နေ့ပါပဲ။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်အတွက် ဘွဲ့ယူတဲ့နေ့က နှစ်ဆထူးခြားမှုဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ ဘွဲ့လည်းရခဲ့သလို သားဉီးလေးကိုလည်း မွေးဖွားခဲ့လို့ပါ။

အသက် ၂၁ နှစ်အရွယ် ဂျေဒါ ဆေးလ်က နယူးအော်လင်းစ်မြို့၊ Dillard University မှာ ရာဇဝတ်မှုဆိုင်ရာတရားမျှတမှုမေဂျာကို သင်ယူနေတဲ့အချိန် သူ ကိုယ်ဝန်ရှိခဲ့တာပါ။ ကလေးမွေးမယ့်ရက်က ဘွဲ့ယူမယ့်နေ့နဲ့ တစ်ရက်တည်း မေလ ၁၄ ရက်နေ့ဖြစ်ခဲ့ပါတယ်။ ကလေးမွေးမယ့်ရက်က ခန့်မှန်းထားရုံပဲဖြစ်ပြီး ဆရာဝန်တွေကလည်း ဒီထက် ရက်အနည်းငယ်ပိုလိမ့်မယ်လို့ ထင်ခဲ့တာကြောင့် ဘွဲ့ယူမယ့်နေ့မှာ ကလေးမွေးလိမ့်မယ်လို့ ဂျေဒါ မထင်ခဲ့မိဘူး။

ဘွဲ့နှင်းသဘင်အခမ်းအနားမတိုင်ခင်ည စိတ်လှုပ်ရှားနေတဲ့အချိန် ဂျေဒါက မီးဖွားဖို့ ဝမ်းနာလာသလို ခံစားခဲ့ရပါတယ်။ အဲဒါနဲ့ ကလေးဘေးကင်းစေချင်လို့ ဆေးဘက်ဆိုင်ရာစင်တာတစ်ခုကို သွားခဲ့ပေမဲ့ မွေးဖွားခါနီး ညှစ်ချင်တဲ့ ဗိုက်နာမှုမျိုးမဟုတ်ဘဲ ကိုယ်ဝန်ဆောင်ချိန် အဖြစ်များနေကျ ဗိုက်နာတဲ့ Braxton Hicks ကို ခံစားနေရတယ်လို့ပဲ ဂျေဒါ ယူဆခဲ့တာပါ။

ဒါပေမဲ့ ဂျေဒါက မွေးဖွားခါနီးမို့ ဗိုက်နာတာဖြစ်နေခဲ့ပါတယ်။ နောက်ထပ် ၄ နာရီကျော်လောက်အထိ ဗိုက်က ညှစ်နာနေခဲ့ပါတယ်။ ကလေးထွက်လာဖို့ ၄၅ မိနစ်လောက် အားစိုက်ညှစ်ပြီးတဲ့နောက်မှာ သားဉီးလေးမွေးဖွားလာခဲ့ပါတယ်။

ကလေးမွေးဖွားနေတာကြောင့် အဲဒီမနက်ခင်းမှာ ဘွဲ့နှင်းသဘင်အခမ်းအနားကို လွတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျေဒါက ဘွဲ့တက်မယူခဲ့တဲ့အကြောင်းအရင်းကို Dillard University ရဲ့ကျောင်းအုပ် ‌ဝေါတာ ကင်မ်ဘရော့ချ်ဆီ မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

နောက်တစ်နေ့မှာ ဝေါတာက ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဝတ်ဆင်ရတဲ့ ဝတ်စုံအပြည့်အစုံနဲ့ ရောက်လာပါတယ်။ ဂျေဒါရဲ့ဆေးရုံအခန်းမှာပဲ ဝေါတာက ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု ပြန်လည်ဖန်တီးပေးခဲ့ပြီး ဘွဲ့နှင်းအပ်ခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် မူးဝေအော့အန်တာတွေဖြစ်ရင်းနဲ့ တက္ကသိုလ်ဘွဲ့ရအောင်လည်း အချိန်တွေပေးခဲ့ရတဲ့ ဂျေဒါအတွက် ဒီအောင်မြင်မှုကို တက္ကသိုလ်က အခုလို အသိအမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်။

Ref: Metro “Student gives birth hours before graduation ceremony – and receives diploma in hospital”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top