ဆေးဖိုး မတတ်နိုင်လို့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားချိန်မှာ ဆူဘာရှီနီမစ္စထရီက ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချလိုက်တယ်။ ” ဆေးကုစရိတ် မတတ်နိုင်လို့ သေဆုံးသူမရှိစေရ” လို့ သံန္နိဋ္ဌာန် ချလိုက်တာပါ။ ကလေး ၄ ယောက်မိခင် မုဆိုးမ ဆူဘာရှီနီဟာ အဲဒီအချိန်ကစပြီး သားသမီးတွေ စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းတယ်၊ အချိန်ရရင် ပန်းရံ လိုက်လုပ်တယ်၊ ပိုက်ဆံကို နည်းမျိုးစုံနဲ့ ရှာပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ပါတယ်။
အဲဒီအချိန်က သူ့ဝင်ငွေဟာ တစ်လကို ရူပီး ၁၀၀ ကျော်ပဲ ရှိပေမဲ့ ခြိုးခြံချွေတာ စားသောက်ပြီး သားဖြစ်သူကိုလည်း ဆရာဝန်ဖြစ်အောင် ကျောင်းထားပေးနိုင်ခဲ့ပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း ပိုက်ဆံ စုဆောင်းထားပြီး နှစ် ၂၀ အကြာ ၁၉၉၃ ခုနှစ်မှာတော့ ရွာမြေ ၁ ဧက ဝယ်ပြီး အခမဲ့ ဆေးပေးခန်းလေးတစ်ခု စတင်တည်ထောင်ခဲ့ပါတယ်။
သားဖြစ်သူ အပါအဝင် လုပ်အားပေးဆရာဝန်တွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ စတင်ခဲ့ရတဲ့ ဆေးပေးခန်းလေးဟာ ရွာနီးစပ်ချုပ်မှ နွမ်းပါးသူတွေရဲ့ အားကိုးအားထားရာ ဖြစ်လာခဲ့ပြီး ဒီနေ့အချိန်မှာတော့ ဆေးဝါး ကိရိယာ ပိုမိုစုံလင်တဲ့ Humanity Hospital (လူသားချင်း စာနာထောက်ထားမှုဆေးရုံ) ဖြစ်လာခဲ့ပါပြီ။
ခင်ပွန်းဖြစ်သူရဲ့ အဖြစ်ကို ဝမ်းနည်းနာကျည်းစိတ်၊ အခြားသူတွေ သူ့လို မခံစားရစေလိုတဲ့ ကိုယ်ချင်းစာစိတ်တွေနဲ့ ဆေးရုံတစ်ရုံ ဖြစ်လာအောင် ကြိုးပမ်းထူထောင်ပေးခဲ့တဲ့ ဆူဘာရှီနီကို ၂၀၁၈ ခုနှစ်မှာ အိန္ဒိယအစိုးရက ပေးအပ်တဲ့ တတိယအမြင့်ဆုံး အရပ်သားဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Padma Shri ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
Ref: Subhasini Mistry
NZ (ရိုးရာလေး)

