အဓမ္မကျင့်ခံရတယ်ဆိုတဲ့ အမှုကြားနာဖို့ တရားရုံးကို သွားခဲ့တဲ့ အမျိုးသမီး အရှင်လတ်လတ် မီးရှို့ခံရ

yyl-006-3.jpg

အဓမ္မကျင့်ခံရတယ်လို့ တိုင်ချက်ဖွင့်ထားတဲ့ အိန္ဒိယအမျိုးသမီးတစ်ယောက်ဟာ အမှုကြားနာဖို့ တရားရုံးကို သွားနေတုန်း လမ်းခုလတ်မှာ မီးရှို့ခံရလို့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ အသက် ၂၃ နှစ်ရှိတဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့ မတ်လက အမျိုးသားနှစ်ယောက်ကို အဓမ္မကျင့်မှုနဲ့ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အဲဒီအမှုကြားနာမယ့်ရက်မှာ ဥတ္တာပရာဒက်ရှ်ပြည်နယ် တရားရုံးကိုသွားဖို့ ဘူတာရုံကို သွားနေတုန်း အမျိုးသားတစ်စုက သူ့ကို ထိုးကြိတ်ရိုက်နှက်ပြီး အနီးနားက လယ်ကွင်းထဲ ဆွဲခေါ်သွားခဲ့ပါတယ်။

လယ်ကွင်းထဲရောက်တော့ သူ့ကို မီးနဲ့ရှို့ခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် အမျိုးသမီးဟာ မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး ဆေးရုံမှာ အသက်လုနေရပါတယ်။ သူ့ကို မီးရှို့ခဲ့တယ်ဆိုတဲ့ အမျိုးသား ၅ ယောက်လုံးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထားသူတွေမှာ အမျိုးသားတစ်ယောက်ကတော့ ဒီအမျိုးသမီးကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရသူပါ။ ဒီဖြစ်ရပ်ဟာ အိန္ဒိယပြည်သူတွေအတွက် နာကျည်းခံပြင်းစိတ် ပိုကြီးထွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုင်ဒြာဘတ်မြို့မှာ အသက် ၂၇ နှစ်အရွယ် တိရစ္ဆာန်ကု အမျိုးသမီးဆရာဝန်တစ်ယောက်ကို အဓမ္မကျင့်၊ လူသတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဟိုင်ဒြာဘတ်မြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့လို့ လူစုလူဝေးမလုပ်ရန်အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top